မော်လမြိုင်မြို့၌ အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက် တာလှုပ်ရှားမှု အထိမ်းအမှတ်ကျား၊မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးဟောပြော

မော်လမြိုင်  နိုဝင်ဘာ ၂၇

မော်လမြိုင်မြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် ကျား၊မအခြေပြု အကြမ်း ဖက်မှုဆိုင်ရာ  အသိပညာပေးဟောပြောခြင်းကို  ယမန်နေ့က အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

 ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး မွန်ပြည်နယ်လုံးဆိုင်ရာ အမျိုးသမီးများနှင့်ကလေးသူငယ်များ စွမ်းရည်မြှင့်တင်ရေးရှေ့ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းထွေးက ကမ္ဘာပေါ်မှာ အမျိုးသမီးများနှင့် မိန်းခလေးငယ်များအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက် ခြင်း၊ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းဟာ ကျန်းမာရေးပြဿနာရပ်အဖြစ် သာမက လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်သွား စေရန် ရည်မှန်းပြီး ၁၉၉၁ ခုနှစ်မှ စတင်ကာ အမျိုးသမီးများအား အကြမ်းဖက် မှုဆန့်ကျင့်သည့် (၁၆)ရက်တာ လှုပ်ရှားမှုများကို နှစ်စဉ်နိုဝင်ဘာ (၂၅)ရက် မှ ဒီဇင်ဘာ(၁၀)ရက်နေ့ထိ ကျင်းပ ပြုလုပ်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ် မှ စတင်ပြီး (၁၆)ရက်တာ လှုပ်ရှားမှုများကို လှုမှုဝန်ထမ်းဦးစီး ဌာနမှ ဦးဆောင်ကာ UN ၊ INGO ၊NGO ၊ အမျိုး သမီးအရေး တက်ကြွ စွာ လှုပ်ရှားနေသော အဖွဲ့များဖြင့် နှစ်စဉ်ကျင်းပလျက်ရှိကြောင်း စသည့်  အမျိုးသမီးများ အတွက် ဆောင်ရွက်ချက်များ စသည့်တို့ကို အကျယ်တဝင့် ဆွေးနွေးရှင်းလင်းပြောကြားခဲ့သည်။  

 ထို့နောက်   မော်လမြိုင်မြို့နယ် လူမှုဝန်ထမ်းရုံးမှ လက်ထောက် ညွန်ကြားရေးမှူး ဒေါ်၀င်း၀င်းမာက အကြမ်းဖက်မှု  ကိစ္စရပ်ဖြစ်ပေါ်ရသည့် အခြေအနေများ၊  လက်ရှိမြန်မာနိုင်ငံအတွင်း အမျိုး သမီးများအား အကြမ်းဖက်မှု ဖြစ်ပွားခဲ့မှု အ‌ခြေအနေများနှင့် ကျား၊ မ အခြေပြု အကြမ်းဖက်မှု ဖြစ်ပွားအောင် ထောက်ပံ့ပေးသည့် အကြောင်းအရာများ၊ ရှေးမြန်မာတို့၏ အယူအဆများ၊ အကြမ်းဖက်မှုတုံ့ပြန်ဆောင်ရွက်မှုအတွက် အခြေခံလမ်းညွန်ချက်များ၊ ပြစ်မှုကျူးလွန်သူများ အား ပြစ်မှုနှင့် ပုဒ်မ(ကျင့်ထုံး)၊ ပြစ်ဒဏ်များ၊ အကြမ်းဖက်မှုဖြစ်ပွားပါက တိုင်ကြားဆက်သွယ်ရမည်နေရာများ၊ ကျေးလက်ဒေသနေ အမျိုးသမီးများ၏ အခွင့်အရေးများ၊ လက်ထပ်ထိမ်းမြားခြင်းနှင့် မိသားစုဘဝတွင်  တန်းတူညီမျှမှု အခြေအနေများ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်အခြေအနေများကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ (၁၀၁) ဦးနှင့်ဆရာ/ဆရာမများတက် ရောက်ခဲ့ကြကြောင်း သိရသည်။

ခင်စန်းမြင့်ခရိုင်ပြန်/ဆက်