အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ( ၁၆ )ရက်တာလှုပ်ရှားမှု အသိ ပညာပေးဟောပြောပွဲကျင်းပ

မုဒုံ နိုဝင်ဘာ ၂၇

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ ၂၅ ရက်နေ့က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပသည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား ပြောကြားပြီး မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ဝင်းက (၁၆) ရက်တာလှုပ်ရှားမှုကာလအတွင်း  ထူးခြားသောနေ့ရက်များနှင့် စတင်ဆောင်ရွက်လာပုံ အကြောင်းအရာများ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ၊ စီးပွားရေးဆိုင်ရာအကြမ်းဖက်မှုအကြောင်းအရာများ၊ ကျား/မ အခြေပြု အကြမ်းဖက်မှုများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ဆောင်မှုပေးခြင်း ကိစ္စရပ်များအ ကြောင်း ၊ရည်ရွယ်ချက်များနှင့် စသည့်အကြောင်းအရာတို့ကို ပါဝါပွိုင့်ဖြင့် အကျယ်တဝင့် ကျောင်းသား/သူများအား ရှင်းလင်းပြောကြားခဲ့သည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှာမှုကို အကြမ်းဖက်မှုများအား လူ့အခွင့်အရေးချိုးဖောက်သောကိစ္စရပ်များအဖြစ် ဒေသန္တရအဆင့်၊ နိုင်ငံတော်အဆင့်၊ နိုင်ငံတကာအဆင့်များအလိုက် အသိအမြင်တိုးလာရန်၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် အကြမ်းဖက်မှု လျော့ချရေးလုပ်ငန်းများကို  ပိုမို ဆောင်ရွက်ရန်နှင့် ရှင်းလင်းမြင်သာစေရန်အတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)