ရန်ကုန် စက်တင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်ပြည်သူ့ဆေးရုံ၌ တက်ရောက်ကုသနေသော လူနာများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အရေးပေါ်လူနာများအတွက် အသုံးပြုနိုင်ရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၉ နာရီက လိုအပ်လျက်ရှိသော အောက်စီဂျင်ဘူးများနှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူနိုင်ရန် အလှူငွေများကို လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
ထိုသို့ လှူဒါန်းရာတွင် ဒလမြို့နယ် ဇော်ညီ မျက်မှန်ဆိုင်မှ မြို့နယ်ပြည်သူ့ဆေးရုံ၌ လိုအပ်သော အောက်စီဂျင်ဘူး ၁၁ ဘူး နှင့် ဆက်စပ်ပစ္စည်းများအတွက် အလှူငွေကျပ် ၇ သိန်းခွဲ ကို ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းဝင်း က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းဝင်း က “ ဒီအချိန်မှာ အရေးပေါ်လူနာများအတွက် လိုအပ်လျက်ရှိတဲ့ အောက်စီဂျင်ဘူးများကို လာရောက်လှူဒါန်းပေးမှုကြောင့် ကျေးဇူးတင်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း အကျိုးရှိစွာ အသုံးပြုနိုင်မှာဖြစ်ကြောင်း၊ အသက်ရှုမဝတဲ့ လူနာတွေနဲ့ မောပန်းနေတဲ့ လူနာတွေအတွက် ထိရောက်စွာ လုပ်ဆောင်နိုင်မှာဖြစ်ကြောင်း၊ ခုလို လှူဒါန်းပေးမှု ကြောင့် ဝမ်းသာမိကြောင်း ” ပြောကြားခဲ့သည်။
ဒလမြို့နယ် ပြည်သူ့ဆေးရုံ၌ အရေးပေါ်လူနာများ အသုံးပြုနိုင်ရန် လိုအပ်လျက်ရှိသော အောက်စီဂျင်ဘူးများကို စေတနာရှင်များ အနေဖြင့် လှူဒါန်းလိုပါက မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းဝင်း ဖုန်းနံပါတ် ၀၉၇၇၇၃၉၀၆၆၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
နိုင်လင်းကျော်(ပြန်ဆက်)