ကျောက်မဲ နိုဝင်ဘာ ၂၇
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ မူလတန်းကြိုကျောင်းခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက် ရေး(၁၆)ရက်တာ အထိမ်းအမှတ်အခမ်းအနားကျင်းပခဲ့ရာ ကျောက်မဲမြို့အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့မှ တာဝန်ရှိသူများနှင့် ပုဂ္ဂလိက မူလတန်းကြိုကျောင်းမှ ဆရာ/ဆရာမများတက်ရောက်ခဲ့ ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားတွင် ကျောက်မဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေကအဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ကျောက်မဲခရိုင်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေး မှူး၊ ဒေါ်စန်းစန်းရီက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး(၁၆)ရက်တာလှုပ်ရှားမှု သမိုင်းကြောင်းကိုလည်းကောင်း၊ ကျောက်မဲခရိုင်လူမှုဝန်ထမ်းရုံးမှ ဦးစီးမှုး၊ ဒေါ်အိအိနွယ်က အကြမ်းဖက်အမျိုးအစားများ၊ အကြမ်းဖက်မှုဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ အကြမ်းဖက် မှု၏အကျိုးဆက်များ၊ ကျား၊ မအကြမ်းဖက်မှု ဖြစ်ပွားပါက တိုင်းကြားနိုင်သည့် နည်းလမ်းများ အစရှိသည့် ကျား၊မ အခြေပြုအကြမ်းဖက်မှုဆိုင်ရာများကိုလည်းကောင်း အသီးသီးရှင်းလင်း ဆွေးနွေးခဲ့သည်။အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသူများ၏ မေးမြန်းဆွေးနွေးမှုများကို ခရိုင်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်စန်းစန်းရီက ပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။
မိုင်းထွန်း(ပြန်/ဆက်)