နောင်တရား နိုဝင်ဘာ ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပေါ့အင်ကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာ၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့မှ တဆင့်ထုတ်ချေးသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မွေးမြူရေး ကဏ္ဍချေးငွေဖြင့် ဝက်မျိုးကောင်းမျိုးသန့်တိုးချဲ့မွေးမြူရန်အတွက် ချေးငွေကျပ်သိန်း(၃၀၀) လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီတွင်ကျင်းပခဲ့သည်။
အခမ်းအနားတွင်း ပင်လောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်က အဖွင့်အမှာစကားပြောကြားပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနီနီဝင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေဖြင့် ဝက်မျိုးကောင်းမျိုးသန့် တိုးချဲ့မွေးမြူနိုင်ရန်အတွက် အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးခြင်း ဖြစ်ကြောင်း၊ သတ်မှတ်ကာလအတွင်း မွေးမြူရေးလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ချေးငွေနှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများကိုလည်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့မှ တဆင့်ထုတ်ချေးသည့် နိုင့်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေကျပ်သိန်း(၃၀၀)ကို ပင်လောင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ ဘုရာဖြူကျေးရွာ ဝက်မွေးမြူရေးအစုအဖွဲ ကြီးကြပ်မှုကော်မတီထံသို့ လွှဲပြောင်းပေးအပ်သည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မွေးမြူရေးကဏ္ဍချေးငွေ ကျပ်(၃၀၀)မှ အိမ်ထောင်စု တစ်စုလျှင် ဝက်မျိုးကောင်းမျိုးသန့် (၅)ကောင်နှုန်ဖြင့် အိမ်ထောင်စု (၃၀)စုအတွက် စုစုပေါင်းဝက် ကောင်ရေ (၁၅၀)ကောင်အား ထပ်မံတိုးချဲ့မွေးမြူသွားမည်ဖြစ်သည်။ ပင်လောင်းမြိုနယ်၊ ပေါ့အင်ကျေးရွာအုပ်စု ဘုရားဖြူကျေးရွာ၌ တစ်ပိုင်တစ်နိုင် ဝက်မွေးမြူသူ (၃၅)ဦး ရှိပြီး ဝက်ကောင်ရေ (၂၀၀)ကျော်ခန့် မွေးမြူထားရှိကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)