ပုဇွန်တောင် နိုဝင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကလေးသူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်၊ အားကစားပြုလုပ် ခြင်းဖြင့် ရရှိစေမည့် အကျိုးကျေးဇူးများအား သိရှိလာစေရန်နှင့် စာအုပ်စာပေများအား လေ့လာဖတ်ရှု ကြစေရန်ရည်ရွယ်ချက်ဖြင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ အသိပညာပေးနံရံကပ်စာစောင် ပြပွဲနှင့်စာအုပ်စာစောင်ပြပွဲကို နိုဝင်ဘာ ၂၄ ရက်နေ့ နံနက် ၁၀ နာရီက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ တေဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးကျော်ကျော်က “အားကစားနှင့်ဗလငါးတန်” ခေါင်းစဉ်ဖြင့် လူငယ်များကျောင်း ပညာရေးအပြင် အားကစားကဏ္ဍကို လေ့လာလိုက်စားကြရေး၊ နွေရာသီ အားလပ်ရက်ရှည်ကာလ၌ အားကစားသင်တန်းများသို့ တက်ရောက်ပါဝင်ကာ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ထက်မြက်ရေးအတွက် အချိန်ကိုအကျိုးရှိရှိအသုံးချကြစေရေးနှင့် အားကစားကဏ္ဍဆိုင်ရာသိကောင်းစရာတို့ကို ရှင်းလင်းဟောပြောခဲ့ပြီးနောက် အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ ပေးအပ်သည့် အားကစားပစ္စည်းများကို ပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းမြိုင်က လက်ခံရယူခဲ့သည်။
ထို့နောက် ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို ကျောင်းသူ၊ ကျောင်းသားလေးများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
အဆိုပါ အခမ်းအနားကို ပုဇွန်တောင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးကျော်ကျော်၊မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်နှင့်ဝန်ထမ်းများ၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်း အုပ်ဆရာမကြီး ဒေါ်သန်းသန်းမြိုင်၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဟန်စုယဉ်