ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း စစ်တွေမြို့သန့်ရှင်းသာယာလှပရေးစုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် ကန်တော်ကြီး၌ ရေသိုလှောင်ထားရှိမှုနှင့် ရေဖြန့်ဝေပေးနေမှုအား ကြည့်ရှုစစ်ဆေး

စစ်တွေ    နိုဝင်ဘာ ၂၆

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းအမှိုက်ကောက်သန့်ရှင်း ရေးဆောင်ရွက်နေမှုနှင့် စစ်တွေမြို့သို့ သောက်သုံးရေဖြန့်ဝေပေးလျက်ရှိသော ကန်တော်ကြီး၌ ရေသိုလှောင်ထားရှိမှု၊ ရေဖြန့်ဝေပေးနေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေလေဆိပ်အဝင်လမ်း၊ လမ်းဆုံမှ လေဆိပ် အဝင်ထိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကြသည်။  ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ တိုင်းရင်း ဆေးရုံ၌ စစ်တွေတပ်နယ်မှ နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့်  ဌာနဆိုင်ရာများ စုပေါင်းအမှိုက်ကောက်သန့်ရှင်းရေး ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု အားပေးကြသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေး အမှိုက်ကောက်ဆောင်ရွက်ရာတွင် တပ်မတော်သားများနှင့် ဌာနဆိုင်ရာများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် စစ်တွေလေဆိပ်ဆင်းလမ်း လမ်းဘေးဝဲယာရှိ စွန့်ပစ် အမှိုက်များ၊ ပလတ်စတစ်အိပ်များအားကောက်ယူရှင်းလင်းခြင်း ချုံနွယ်ပေါင်းမြက်များရှင်းလင်း ခြင်းတို့ကို ဆောင်ရွက်ကြပြီး တိုင်းရင်းဆေးရုံအတွင်း၌လည်း ဆေးရုံသန့်ရှင်းသာယာရေးအတွက် ချုံနွယ်ပေါင်းမြက်များရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ပေါ်ရပ်ကွက်များသို့ သောက်သုံးရေ ဖြန့်ဝေပေးလျက်ရှိသော ကန်တော်ကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်စည်ပင် သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်မိုးက ရေသိုလှောင်ထားရှိမှုအခြေအနေ၊ မြို့ပေါ်ရပ်ကွက် များသို့သောက်သုံးရေဖြန့်ဝေပေးနေမှုအခြေအနေ၊ ကန်တော်ငယ်မှ ရေဖြည့်တင်း ဖြန့်ဝေပေးနေမှုနှင့် နွေရာသီတွင် ရေဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက်မည့်အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက နွေရာသီရေ အခက်အခဲမရှိစေရေးအတွက် ဆောင်ရွက်နိုင်မည့်အခြေအနေများကို ဆွေးနွေးပြောကြားကြပြီး လိုအပ်သည်များ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြကြောင်းသိရ သည်။

တင်ထွန်း(ပြန်/ဆက်)