သီပေါမြို့နယ် ဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက်မှ ထိုင်ခုံများပေးအပ်လှူဒါန်းပွဲကျင်းပ

သီပေါ နိုဝင်ဘာ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ဝန်ထမ်းပေါင်းစုံသမဝါယမအသင်းလီမိတက်မှ ပလတ်စတစ်ထိုင်ခုံများပေးအပ်လှူဒါန်းပွဲအခမ်းအနားကို အဆိုပါအသင်းရုံးခန်းမတွင် ယနေ့ မွန်းလွဲ (၂)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အသင်းဥက္ကဋ္ဌ ဦးတင်မောင်မောင်က အသင်းမှရရှိသော အတိုးရငွေများဖြင့်တက္ကသိုလ်ဝင် စာမေးပွဲတွင်ထူးချွန်စွာအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခြင်း၊ အသင်းသားများအား အမြတ်ငွေများခွဲဝေပေးခြင်း၊ အငြိမ်းစားဝန်ထမ်းများအား ထောက်ပံ့ငွေများပေးအပ်ခြင်းနှင့် ဌာနဆိုင်ရာများမှ လိုအပ်လျက်ရှိသော ထိုင်ခုံများအား အလှည့်ကျစနစ်ဖြင့် လှူဒါန်းပေးခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်းက ဝန်ထမ်းများအတွက်လည်း များစွာအထောက်အကူဖြစ်သည့်အတွက်ဝန်ထမ်းပေါင်းစုံသမဝါယမအသင်း လီမိတက်၏ လုပ်ငန်းများကို များစွာ ဂုဏ်ယူကျေနပ်အားရမိပါကြောင်း၊ အမှုဆောင်ဒါရိုက်တာများ အနေဖြင့်လည်း ပိုမိုတိုးတက် အောင်မြင်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန်စသည်ဖြင့် ပြောကြားခဲ့သည်။

ထို့နောက် အသင်းဥက္ကဋ္ဌ ဦးတင်မောင်မောင်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လက်တင်ပါ ပလတ်စတစ်ထိုင်ခုံ (၂၀)လုံး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနသို့ လက်တင်ပါပလတ်စတစ်ထိုင်ခုံ (၃၀) လုံးတို့ကို ပေးအပ်လှူဒါန်းခဲ့ရာ တာဝန်ရှိသူ အသီးသီးက လက်ခံရယူခဲ့ကြကြောင်း၊ ထိုင်ခုံအလုံး(၅၀)တန်ဖိုးမှာ ငွေကျပ်(၅၉၀,၀၀၀/-)ခန့် ဖြစ်ကြောင်း၊ ဆက်လက်၍လိုအပ်လျက်ရှိသော ဌာနဆိုင်ရာရုံးများ၊ ကျောင်းများသို့လည်းလှူဒါန်းပေးသွားမည် ဖြစ်ကြောင်းနှင့် သီပေါမြို့နယ်ဝန်ထမ်းပေါင်းစုံ သမဝါယမအသင်း လီမိတက်တွင် မြို့နယ်အတွင်းရှိအသင်းသား ဝန်ထမ်း (၂၀၅၀) ဦးရှိပြီး ၊အသင်းသားများ၏ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးများကို တစ်ဖက်တစ်လမ်းမှ ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း အသင်းအမှုဆောင်ဒါရိုက်တာအဖွဲ့ဝင်ထံမှသိရသည်။

ခင်လေး(သီပေါပြန်/ဆက်)