သီပေါမြို့နမ့်လန်ကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း ဖွင့်လှစ်

သီပေါ နိုဝင်ဘာ  ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နမ့်လန်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကျောင်းအခြေပြုရှေးဦးပြုစုခြင်းအခြေခံသင်တန်းကို ယမန်နေ့နံနက် (၉) နာရီက စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ကြက်ခြေနီ အသင်းခွဲ တပ်ဖွဲ့မှူးဒေါ်နန်းခင်ညွန့်လူက ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေများကို ရှေးဦးပြုစုသည့်နည်းစနစ်များဖြင့် စနစ်တကျ ပြုစုဆောင်ရွက်ပေးတတ်စေရန်စသည့် သင်တန်းဖွင့်လှစ်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် တပ်ဖွဲ့ဝင်များက အထက်တန်းနှင့် အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၆၅)ဦးကို စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့ကြောင်းနှင့် အဆိုပါသင်တန်းကို နိုဝင်ဘာလ(၂၅)ရက်နေ့မှ(၂၇)ရက်နေ့အထိ (၃)ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း  မြိုနယ်ကြက်ခြေနီအသင်းခွဲမှ သိရသည်။

ခင်လေး(သီပေါပြန်/ဆက်)