အမရပူရ နိုဝင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရှားတောလေးကျေးရွာအနီး တည်ထား ကိုယ်ကွယ်ထားသည့် မန္တလေးစွယ်တော်မြတ်စေတီ၏ ၂၇ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ ရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းကပ်လှူပူဇော်ပွဲကို ယမန်နေ့ညနေ ၅ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရွှေကြာသင်္ကန်းယက်လုပ်မှုကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးယဉ်ထွေး၊ အမရပူရခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် စွယ်တော်မြတ်စေတီဂေါပကဥက္ကဋ္ဌ ဦးအောင်ကြည်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်ပြီး လူမှုရေးဝန်ကြီးက အမှာစကားပြောကြားခဲ့ပြီးနောက် စွယ်တော်မြတ်အားဖူးမြော် ကြည်ညိုကာ ရင်ပြင်ပေါ်တွင် ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ခဲ့ပြီး ရွှေကြာ သင်္ကန်းယက်လုပ်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
၎င်းနောက် ရွှေကြာသင်္ကန်းကပ်လှူပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက် ၆ နာရီတွင် ကျင်းပခဲ့ရာ ပင့်သံဃာဆရာတော်ကြီး ၄၅ ပါးတို့မှ စွယ်တော်မြတ်အား အနေကဇာတင်ပြီး မန္တလေးတိုင်းဒေသကြီး သံဃာနာယကဥက္ကဋ္ဌ (ရွှေကျင်)၊ ပတ္တမြားကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ လှူဒါန်းသော ရွှေကြာသင်္ကန်းများကို ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းပြီး စွယ်တော်မြတ်နှင့်မုဒြာကိုးမျိုး ဗုဒ္ဓဆင်းတုတော်တို့ကို ရွှေကြာသင်္ကန်းကပ်လှူပူဇော်ခဲ့ကြသည်။ ထို့နောက် လှူဒါန်းမှုအစုစုတို့ကို ပရိယတ္တိသံဃာတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်ကြီးထံ ရေစက် သွန်းချ အမျှပေး ဝေခဲ့ကြသည်။ ယင်းနောက်တိုင်းဒေသကြီးအစိုးရဦးဆောင်သောဌာနဆိုင်ရာများ၊ စေတနာရှင်များ၊ လုပ်ငန်းရှင်များကဆရာတော်ကြီး ၄၅ ပါးတို့အား ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုငွေများကို လောင်းလှူခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ လူမှုရေးဝန်ကြီးဦးယဉ်ထွေးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)