ကလောမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ၁/၂၀၂၂ ကွန်ပျူတာအခြေခံသင်တန်းဆင်းပွဲ ကျင်းပ

ကလော နိုဝင်ဘာ ၂၆

အခြေခံလူတန်းစားများ အသက်မွေးဝမ်းကြောင်းတွင် တစ်ဘက်တစ်လမ်းမှ အထောက်အကူ ပြုနိုင်စေရန်အတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ၁/၂၀၂၂ ကွန်ပျူတာ အခြေခံပညာသင်တန်းကို အခမဲ့သင်ကြားပေးလျက်ရှိရာ ယမန်နေ့ညနေ ၄ နာရီက ကွန်ပျူတာ အခြေခံပညာသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းအေးခိုင်က အခြေခံလူတန်းစားများ အသက်မွေးဝမ်းကြောင်းတွင် တစ်ဘက်တစ်လမ်းမှ အထောက်အကူ ပြုနိုင်စေရန်နှင့် ယနေ့ခေတ် လူငယ်လူရွယ်များ အသိပညာများအပြင် အတက်ပညာကိုပါ လက်တွေ့ကျကျ အသုံးချတက်မှသာလျှင် မိမိတို့ဘဝရပ်တည်ချက် ခိုင်မာလာစေရန်၊ ပတ်ဝန်းကျင်အတွင်း လူနေမှု ဘဝအဆင့်အတန်း မြင့်မားတိုးတက်လာစေရန် စသည်တို့ကို သင်တန်းဆင်းအမှာစကား အပြောကြားခဲ့သည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်နှင့် ထူးချွန်ဆု၊ ဂုဏ်ပြုဆုငွေနှင့် အမှတ်တရ ပစ္စည်းတို့ကို ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ၊ မြို့နယ်အမျိုးသမီးရေးရာ အတွင်းရေးမှူး ဒေါ်နန်းဉမ္မာအုံး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သူဇာအောင်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့က အသီးသီး ပေးအပ်ချီးမြှင့် ပေးခဲ့သည်။

အဆိုပါ သင်တန်းတွင် ကလောမြို့ပေါ်ရှိ သင်တန်းသား၊ သင်တန်းသူ ၁၀ ဦးတို့ကို အောက်တိုဘာ ၁၉ ရက်နေ့မှစ၍ နိုဝင်ဘာလ ၂၅ ရက်နေ့အထိ စာတွေ့လက်တွေ့ အခမဲ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ကျော်ဝင်း(ပြန်/ဆက်)