ကျောက်ပန်းတောင်းမြို့နယ်တွင် မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ) ဆောင်းနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုအား ခရိုင်နှင့် မြို့နယ်တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ကျောက်ပန်းတောင်း နိုဝင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေ ပံ့ပိုးမှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင် စီမံကိန်း(ဆီထွက်သီးနှံ) စိုက်ပျိုးဖြစ်ထွန်း အောင်မြင်နေမှု အခြေအနေများကို၊ ယမန်နေ့ နံနက် (၁၀)နာရီက ညောင်ဦးခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ကျောက်ပန်းတောင်းမြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက ဆောင်းနေကြာ စိုက်ပျိုးထားရှိသည့်၊ တောင်ပေါ်မြောက်ကျေးရွာနှင့် ကျောက်တံခါး ကျေးရွာများသို့ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် မြစိမ်းရောင်စီမံကိန်း (ဆီ ထွက်သီးနှံ) ဆောင်းနေကြာ စိုက်ပျိုးမှုကို သရက်တောကျေးရွာ၊ တောင်ပေါ်မြောက်ကျေးရွာ၊ ကျောက်တံခါးကျေးရွာ၊ လယ်ကြီးမြောက်ကျေးရွာ၊ မင်းဂေါင်းမြောက် ကျေးရွာအစရှိသည်တို့တွင်၊ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) စိုက်ပျိုးရန်အတွက် တစ်ရွာလျှင်ငွေကျပ် သိန်း(၃၀၀) ထုတ်ချေးခဲ့ပြီး၊ အဆိုပါ ထုတ်ချေးငွေဖြင့် ဆီထွက်သီးနှံ ဆောင်းနေကြာများ စိုက်ပျိုးထားရှိကြောင်းသိရသည်။ ဆောင်း နေကြာများကို စက်တင်ဘာလလယ်ခန့်မှ စတင်စိုက်ပျိုးခဲ့ကြပြီး၊ ဒီဇင်ဘာနောက်ဆုံးပတ်တွင် သိမ်းဆည်းကြမည်ဖြစ်ကြောင်းနှင့် နေကြာခင်းများအားလုံး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။ ညောင်ဦးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးခင်မောင်ကျော်နှင့် ကျောက်ပန်းတောင်းမြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းတို့သည် တောင်ပေါ်မြောက် ကျေးရွာနှင့် ကျောက်တံခါးကျေးရွာတို့မှ မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) ကော်မတီဝင်များနှင့် တွေ့ဆုံ၍ သွင်းအားစုကုန်ကျစရိတ်နှင့် တစ်ဧကပျမ်းမျှ အထွက်နှုန်း ရရှိမှုအပေါ် ဆီကြိတ်ခွဲ ထွက်ရှိလာပါက ရရှိနိုင်မည့်အကျိုးမြတ်များကို တွေ့ဆုံမေးမြန်းခဲ့ကြပြီး၊ သီးနှံသိမ်းဆည်းသည့် အချိန် တွင်လည်း အလေအလွင့်မရှိစေရေးနှင့် နောင်နှစ်များတွင်လည်း ဆောင်းနေကြာကို စားသုံးဆီဖူလုံရေး အတွက် တိုးချဲ့စိုက်ပျိုးသွားကြရန် ဆွေးနွေးမှာကြားသည်။

ကျောက်ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးထားရှိသည့် ဆောင်းနေကြာမျိုးမှာ ရေဆင်း-၂ နေကြာမျိုး ဖြစ်ကြောင်းသိရပြီး၊ စိုက်ပျိုးသက်မှာ(၉)လဖြစ်ကြောင်းနှင့် မျိုးကောင်းမျိုးသန့် ရရှိရေးအတွက် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကူညီကြောင်းသိရပြီး၊ မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ) အဖြစ် ဆောင်းနေကြာကို၊ ကျေးရွာ(၅)ရွာတွင် တောင်သူ(၃၈၉)ဦးတို့က စိုက်ဧက (၉၁၇.၅)ဧကတွင် စိုက်ပျိုး ထားရှိကြောင်းသိရပြီး၊ ဆောင်းနေကြာ သီးနှံအားလုံး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)