မလှိုင် နိုဝင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်း ရပ်ရွာအေးချမ်း သာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် နတ်စင်ကုန်း ကျေးရွာအုပ်စု၊ ကံရွာကျေးရွာ ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က အဆိုပါကျေးရွာရှိ ဘုန်းကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဌေးသန်းက ဒေသခံပြည်သူများနှင့် လာရောက် တွေ့ဆုံရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေသွေးက ပြည်သူများအတွက် အမှန်တကယ် လိုအပ်သည့် ဒေသဖွံ့ဖြိုးရေးကိစ္စများနှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးပေးရန် ပြောကြားခဲ့သည်။ ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသောဒေသခံပြည်သူ(၃)ဦးတို့မှ ဒေသဖွံ့ဖြိုးရေး အတွက် အမှန်တကယ်လိုအပ်သည့် လမ်းရရှိရေးကဏ္ဍ(၁)ခု၊ ပညာရေးကဏ္ဍ(၁)ခု၊ လျှပ်စစ်မီးလင်းရေး ကဏ္ဍ(၁)ခု၊ သောက်သုံးရေရရှိရေးကဏ္ဍ(၂)ခု၊ ဝါမျိုးစေ့ရရှိရေးကဏ္ဍ(၁)ခု ၊ စုစုပေါင်းဒေသဖွံ့ဖြိုးရေး လုပ်ငန်းအတွက် လိုအပ်သည့် လုပ်ငန်း(၆)ခုအား ဆောင်ရွက်ပေးစေလိုကြောင်း တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများမှ ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြား ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (မြို့နယ်ဦးစီးမှူးရုံး)မှ နိုင်ငံသားစိစစ်ရေးကတ်အသစ်(၁၂)ခု ဆောင်ရွက်ပေးခဲ့ပြီး ကာယကံရှင်များထံသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးဌေးသန်း၊ အဖွဲ့ဝင်(၂)ဦးအောင်ကျော်သူ၊ အတွင်းရေးမှူး ရဲမှူးသိန်းဇော်နှင့် မြို့နယ်လဝကဦးစီးမှူး ဦးသိန်းဟန်တို့က ပေးအပ်ခဲ့သည်။ ဆက်လက်၍ အခမ်းအနားတက်ရောက်လာသူ ပြည်သူလူထု (၂၅ဝ) ဦးအနက် (၂၂၀) ဦးတို့အား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster) ထပ်ဆောင်း ကာကွယ်ဆေးများထိုးနှံပေးခဲ့သည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဦးဆောင်၍ ကံရွာကျေးရွာ၊ ရွာဦးကျောင်းဆရာတော် ဘဒ္ဒန္တရာစိန္ဒထံ နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး သာသနာရေးဆိုင်ရာ ကိစ္စရပ်များကို လျှောက်ထားခဲ့ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)