ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများတွင် လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်

ချမ်းမြသာစည်  နိုဝင်ဘာလ ၂၆

မန္တလေးတိုင်းးဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်များ တိုးတက်စေရန်၊ လူငယ်အချင်းချင်း အသိပညာ၊ အတတ်ပညာများ ဖလှယ်နိုင်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေပြီး စဉ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန်တို့ကို ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အမှတ်(၃၅) အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြနှင်းက  အဖွင့်အမှာစကားပြောကြားရာတွင် ယခုလို စကားဝိုင်းပြုလုပ်ပေးသည့်အတွက် လူငယ်များအချင်းချင်း အသိပညာများတိုးပွားလာစေပြီး အကျိုးကျေးဇူး များစွာရရှိ‌စေမှာဖြစ်ကြောင်း၊ မိမိတို့ကျောင်းသာမက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း စီစဉ်ကျင်းပ ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက လူငယ်စကားဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် ဆက်လက်၍ လူငယ်စကားဝိုင်းကို စတင်ခဲ့ရာ အမှတ် (၃၅) အ-ထ-က  Grade (10)နှင့် Grade (11)မှ ကျောင်းသား၊ ကျောင်းသူ(၄)ဦးတို့က လူငယ်နှင့် စာပေ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်မူးယစ်ဆေးဝါး စသည့် ခေါင်းစဉ်ပါ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/သူများက မိမိတို့ သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ကြရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည် ဆွေးနွေးခဲ့ကြသည်။

အလားတူ နေ့လယ် (၁)နာရီ၌ အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်းခွဲရှိ ချယ်ရီစူပါစိမ်း ခန်းမတွင် လူငယ်စကားဝိုင်းကိုဆက်လက် ကျင်းပဆောင်ရွက်ခဲ့ရာ အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးနိုင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မြို့နယ်ဦးစီးမှူးက စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် လူငယ်နှင့်စကားဝိုင်းတွင် Grade (11)နှင့် Grade (10) မှ ကျောင်းသား/ သူ (၄)တို့က လူငယ်နှင့်အနုပညာ၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့် အားကစား ခေါင်းစဉ်များကို ဆွေးနွေးခဲ့ကြပြီး စကားဝိုင်းနားထောင်သူ ကျောင်းသား/သူများက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။ ယနေ့ကျင်းပပြုလုပ်သော လူငယ်စကားဝိုင်းများသို့ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ခင်စိမ်း၀င်း (မြို့နယ် ပြန်/ဆက်)