ပန်းရန်အထိမ်းအမှတ် (၂၀၀) ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ် စတင်ရောင်းချ

မန္တလေး၊ စက်တင်ဘာ ၂၁

မျိုးဆက်သစ်လူငယ်များအကြား မြန်မာ့ရိုးရာလက်မှုပညာ  ပန်းဆယ်မျိုးကို မျိုးဆက်သစ်လူငယ်များအကြား ပိုမိုသိရှိ တန်ဖိုးထားစေရန် ရည်ရွယ်၍ မြန်မာ့စာတိုက်လုပ်ငန်းမှ ပန်းရန် အထိမ်းအမှတ်ပါ ၂၀၀ ကျပ်တန် စာပို့တံဆိပ်ခေါင်း သစ်ကို ယနေ့နံနက်ပိုင်းမှ စတင်ရောင်းချနေကြောင်း သိရသည်။
" မြန်မာ့ရိုးရာ သုခုမ ပန်းဆယ်မျိုးမှာ အပါအဝင်ဖြစ်တဲ့ ပန်းရန်အထိမ်းအမှတ် အထူးထုတ် တံဆိပ်ခေါင်း ဖြစ်ပါတယ်။ အခုဆိုရင် ပန်းဆယ်မျိုး အထူးထုတ်တံဆိပ်ခေါင်းကို ရောင်းချ လာတာ ၅ကြိမ်မြောက် ရှိပါပြီ။ ဒါက ပဉ္စမမြောက်တံဆိပ်ခေါင်း ဖြစ်ပါတယ်။ ပန်းရံအထိမ်းမှတ် အထူးတံဆိပ်ခေါင်းရဲ့ အပေါ်မှာဆိုရင် ပန်းရံပညာရပ်ရဲ့ အထိမ်းအမှတ်ဖြစ်တဲ့ အုတ်၊ အင်္ဂတေ တွေနဲ့ အဆောက်အဦးတည်ဆောက်နေတဲ့ပုံကို တံဆိပ်ခေါင်းထဲမှာ ဒီဇိုင်းဖော်ညွှန်းထားပါတယ်။ " ဟု မန္တလေးစာတိုက်ကြီးမှ မန်နေဂျာ ဒေါ်နွယ်နီအောင်က ပြောသည်။
အဆိုပါတံဆိပ်ခေါင်းကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အလုံးရေ (၃) သိန်းနှင့် First day Cover အလုံးရေ (၃၂၀၀) ကို စက်တင်ဘာလ ၂၁ ရက်နေ့က နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေး စာတိုက်ကြီးနှင့် တိုင်းဒေသကြီး နှင့်ပြည်နယ် အသီးသီးရှိ စာတိုက်များတွင် စတင်ရောင်းချနေပြီး အထူးအစီစဉ် တစ်ရပ်အနေဖြင့် နေပြည်တော် ဗဟို စာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီး များတွင် စတင်ရောင်းချသောနေ့၌ ဝယ်ယူသည့် စာပို့ တံဆိပ်ခေါင်း များနှင့် ပထမနေ့စာအိတ် Firstday Cover များပေါ်တွင် နေ့စွဲအမှတ် အသား တံဆိပ်ရိုက်နှိပ် ပေးခဲ့ကြောင်း သိရသည်။
ထိပ်ထားနိုင်