ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဆင်းပွဲကျင်းပ

ဒဂုံဆိပ်ကမ်း နိုဝင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မီးဘေးအန္တရာယ်နှင့် အခြားသော သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် မီးသတ်ပစ္စည်းကိရိယာများနှင့် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းကိရိယာများကို စနစ်တကျ ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးပြုတတ်စေရန်၊ ပူးပေါင်းဆောင်ရွက် တတ်စေရန်နှင့် စွမ်းရည်ပြည့်ဝသည့် မီးသတ်တပ်ဖွဲ့ဝင်များ ဖြစ်လာစေရန် ရည်ရွယ်၍ အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းအမှတ်စဉ် (၁/၂၀၂၂)ဆင်းပွဲကို ယမန်နေ့မွန်းလွဲ  ၃ နာရီကမြို့နယ် မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးလှကြည်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာန၊ မီးသတ်ဦးစီးမှူး ဦးညီညီထွန်းက အမှာစကား ပြောကြားရာတွင်  အရန်မီးသတ် တပ်ဖွဲ့ဝင်များအနေဖြင့် လေ့ကျင့်ရေးနှင့် ကင်းကွာလို့ မရသည့်အတွက် စဉ်ဆက်မပြတ် လေ့ကျင့်သွားကြဖို့ လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ရည်းမှန်းချက်တာဝန်ကြီး (၄)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် စနစ်တကျထိထိရောက်ရောက် ပူးပေါင်းပါဝင် ဆောင်ရွက်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင်  မိမိတို့ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ သင်တန်းကို မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား ၅၀ ဦးအား အထပ်မြင့် အဆောက်အဦများ မီးဘေးလုံခြုံရေး၊ မီးသတ်ပစ္စည်း ကိရိယာကိုင်တွယ်ခြင်းနှင့် မီးသတ်ဆေးဘူး လက်တွေ့ကိုင်တွယ် အသုံးပြုခြင်း၊ ရှေးဦးသူနာပြုစုခြင်း ဘာသာရပ်၊ သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်း၊ လက်နက်မဲ့ စစ်ရေးပြ ဘာသာရပ်၊ မီးငြိမ်းသတ်ရေး ဘာသာရပ်၊ ကယ်ဆယ်ရေးဘာသာရပ်တို့ကို စာတွေ့၊ လက်တွေ့ဖြင့် နိုဝင်ဘာ ၁ ရက်မှ ၂၅ ရက်နေ့အထိ သင်ကြားပြသပို့ချပေးခဲ့ကြောင်း  သိရသည်။

အေးမဥ္ဇူ(ပြန်/ဆက်)