ဥတ္တရသီရိမြို့နယ် အမှတ်(၁၂)အခြေခံပညာ အထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

ဥတ္တရသီရိ နိုဝင်ဘာ ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက် စေရန်ရည်ရွယ်၍ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်(၁၀)နာရီက အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ဥတ္တရသီရိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက နိုင်ငံတစ်နိုင်ငံ ဖွံဖြိုးတိုးတက်စေရန် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုစသည့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတွင် အရှိန်အဟုန်မပျက် ပိုမိုဆောင်ရွက်နိုင်ရန်အတွက် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်သူများ အသိပညာ၊ အတက် ပညာနှင့်ပြည့်စုံသည့် လူငယ်များ ပေါ်ထွန်းလာစေရန်လိုအပ်ကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံသည့် အနာဂတ် နိုင်ငံတော်အတွက် ခေါင်းဆောင်ကောင်းများ မွေးထုတ်ပေးနိုင်စေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်စေရန်၊ နည်းပညာတိုးတက် လာသည်နှင့်အမျှ အမှားအမှန် ခွဲခြားနိုင်စေရန်၊ စာပေဖတ်ရှုလိုစိတ် ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားကာ ဥတ္တရသီရိမြို့နယ် ဒုတိယမြို့နယ် ပညာရေးမှူး ဦးညိုမင်းထွေးက ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်း၊ စာရေးဆရာရဲမွန်ကျော်၊ စာရေးဆရာနွေဦးကိုကို၊ တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေးနှင့် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူ ငါးဦးတို့က လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့် ရည်မှန်းချက်၊ လူငယ်နှင့်စည်းကမ်း၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်အင်တာနက်ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြ​ကြောင်း သိရသည်။

ကျော်စွာဟိန်းပြန်/ဆက်