တောင်ဥက္ကလာပမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြော သရုပ်ပြပွဲနှင့် အားကစားပစ္စည်းများလှူဒါန်းပွဲအခမ်းအနား ကျင်းပ

တောင်ဥက္ကလာပ နိုဝင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်နှင့် ကျောင်းသား၊ လူငယ်များကျန်းမာကြံ့ခိုင်၍ နောင်တစ်ချိန်တွင် နိုင်ငံတော်အတွက် အားကိုးအားထားရမည့် လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောသရုပ်ပြပွဲနှင့် အားကစားပစ္စည်းများလှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်(၈:၃၀)နာရီအချိန်က  အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး  ဒေါ်လေးဇာဇာလှိုင်းမြင့်က အဖွင့်အမှာစကားပြောကြားရာ အားကစားအမျိုးအစား(၄)မျိုးရှိပြီး ယှဉ်ပြိုင်အားကစား၊ ရိုးရာအားကစား၊ အပန်းဖြေအားကစားနှင့် လူထုအားကစားတို့ဖြစ်ကြောင်း၊ ကျောင်းစာသာမက အားကစားမှာပါ ထူးချွန်အောင် လုပ်ဆောင်သင့်ကြောင်း၊ ကာယပညာသင်ကြားရခြင်း၏ ရည်ရွယ်ချက်မှာ အနာဂတ်မျိုးဆက်သစ်လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန်အတွက် အားကစားက ဆောင်ရွက်ပေးခြင်းဖြစ်၍ ကျောင်းသား၊ ကျောင်းသူလူငယ်များ အားကစားကိုလေ့ကျင့်အသုံးချစေရန် အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသူများက Fitness Dance အားကစားနည်းများကို လက်တွေ့သရုပ်ပြတင်ဆက်ခဲ့ပြီး မြို့နယ်အားကစားမှူး ဒေါ်လေးဇာဇာလှိုင်းမြင့်က အားကစားပစ္စည်းများကို ကျောင်းတာဝန်ခံဆရာမထံသို့လည်းကောင်း၊ ဂုဏ်ပြုဆုငွေများကို Fitness Dance သရုပ်ပြကျောင်းသူများထံသို့လည်းကောင်း အသီးသီးလှူဒါန်းပေးအပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး  ဒေါ်လေးဇာဇာလှိုင်းမြင့်နှင့်တာဝန်ရှိသူများ၊ အဆိုပါကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများစုံညီစွာ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

စိုးဝဏ္ဏထွန်း(ပြန်/ဆက်)