ရန်ကုန် နိုဝင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ မီးဘေးအန္တရာယ်နှင့် အခြားသောသဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ စနစ်တကျဆောင်ရွက်နိုင်ရန်နှင့် စွမ်းရည်ပြည့်ဝသည့် မီးသတ်တပ်ဖွဲ့ဝင်များဖြစ်လာစေရန်ရည်ရွယ်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဆင်းပွဲ(၁/၂၀၂၂)ကို ယနေ့နံနက် ၉ နာရီက အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးဌာန၊ မီးသတ်ဦးစီးမှူးဦးကျော်ဇင်လတ်က အမှာစကားပြောကြားရာတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် လေ့ကျင့်ရေးနှင့် ကင်းကွာလိုမရသည့်အတွက် အမြဲစဉ်ဆက်လေ့ကျင့်သွားကြဖို့လိုအပ်ကြောင်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်ကြီး(၄)ရပ်ဖြစ်သော မီးဘေးလုံခြုံရေး၊ အန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးစသည်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်စေလိုကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ရပ်ရွာပြည်သူလူထု လေးစားယုံကြည်အားကိုးရသော အရန်မီးသတ်တပ်ဖွဲ့ဝင်များအဖြစ် ရပ်ရွာလုံခြုံရေး၊ လူမှုရေး၊ ဘာသာရေး၊ သာသနာရေးများတွင် မိမိတို့ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းကိုအင်းစိန် မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား ၅၀ ဦးအား အခြေခံလက်နက်မဲ့စစ်ရေးပြဘာသာရပ်၊ မီးငြိမ်းသတ်ရေးဘာသာရပ်၊ ရှာဖွေကယ်ဆယ်ရေး ဘာသာရပ်တို့ကိုစာတွေ့၊ လက်တွေ့ဖြင့် နိုဝင်ဘာ ၁ ရက်မှ ၂၅ ရက်နေ့အထိ စနစ်တကျ သင်ကြားပြသပို့ချပေးခဲ့ကြောင်း အင်းစိန်မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)