ကမာရွတ်မြို့နယ်၌ ရှေးဦးသူနာပြုစုနည်းအခြေခံသင်တန်း အမှတ်စဉ်(၁/၂၂၂) ဆင်းပွဲကျင်းပ

ကမာရွတ် နိုဝင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် ကြက်ခြေအနီအသင်းခွဲမှကြီးမှူး၍ ရှေးဦးသူနာပြုအခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၂)ဆင်းပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲမှုးတို့မှ မုဒိတာစကားပြောကြားကြပြီး ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကားများပြောကြားခဲ့ပါသည်။

ထို့နောက် မြို့နယ်ကြက်ခြေနီအဖွဲ့မှ ကျောင်းအုပ်ဆရာမကြီးအား ဆေးပစ္စည်းများပေးအပ်ပြီး၊ ကျောင်းအုပ်ကြီးမှသင်ကြားပေးသောတပ်ဖွဲ့ဝင်များကို ဂုဏ်ပြုလက်ဆောင်များပေးအပ်ကာ မြို့နယ်ကြက်ခြေနီဥက္ကဋ္ဌမှ သင်တန်းဆင်းလက်မှတ်များပေးအပ်ကာ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါသင်တန်းတွင် ကြက်ခြေနီအကြောင်းသိကောင်းစရာ၊ ရှေးဦးပြုစုနည်းအခြေခံသဘော တရား၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်း၊ သွေးဆုတ်သွေးလန့်ဖြစ်ခြင်းမူးဝေသတိလစ်ခြင်း၊ သတ္တဝါများကိုက်ခြင်း၊ အရိုးကျိုးခြင်းအဆစ်လွဲခြင်း၊ အခြေခံအသက်ကယ်အထောက်အကူပြုနည်း၊ ကိုင်တွယ်ခြင်းနှင့်သယ်ဆောင်နည်းများ အစရှိသည့်အကြောင်းအရာများကို တာဝန်ရှိသူများက သင်ကြားပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၂၅)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

စိမ်းလဲ့