စမ်းချောင်း နိုဝင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ စံပယ်ခန်းမ၌ ယနေ့နံနက် (၉)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်ထားသဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်၊ လူကုန်ကူးခံရမှုပုံစံအမျိုးမျိုးမှ ကင်းဝေးစေရန် အသိပညာပေးဟောပြောပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အမှတ်(၆)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲအုပ်နိုင်လင်းထွန်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေးအတွက် လူကုန်ကူးမှုအန္တရာယ်နှင့် နောက်ဆက်တွဲဆိုးကျိုးများကို အများပြည်သူသို့ အသိပညာပေးခြင်း၊ လူကုန်ကူးခံရသူများ၊ အထူးသဖြင့် အမျိုးသမီးနှင့်ကလေးငယ်များအား ကာကွယ်စောင့်ရှောက်ခြင်းနှင့် အကူအညီပေးခြင်း လုပ်ငန်းများဆောင်ရွက်ခြင်းများကို လုပ်ဆောင်ပေးလျက်ရှိကြောင်းနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေများနှင့်ပတ်သက်၍ သိကောင်းစရာများ၊ လူကုန်ကူးမှုကျူးလွန်သူများကို ထိရောက်သောပြစ်ဒဏ်ချမှတ်ခြင်းစသည့် ဥပဒေ၊ နည်းဥပဒေများကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါဟောပြောပွဲသို့ ဆရာ၊ ဆရာမ၊ ကျောင်းသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ စုစုပေါင်း(၃၀၀)ဦး တက်ရောက်ခဲ့ကြောင်းနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။
ခင်ငြိမ်းချမ်းဝင်း