မိုင်းဖြတ် နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဌာနဆိုင်ရာများပူးပေါင်း၍ အသိပညာပေးဟောပြောခြင်း၊ အသိပညာပေးနံရံကပ်စာစောင်များ ခင်းကျင်းပြသခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက နမ့်နန်းကျေးရွာအုပ်စု၊ ပါယောင်း(၂) ကျေးရွာရှိ အမ က စာသင်ကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးရှောလမွန်က အသိပညာပေးဟောပြောရခြင်း ရည်ရွယ်ချက်၊ လူငယ်နှင့်ပညာရေး၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းဟောပြီး မြို့နယ်ရဲမှူး ဌေးမောင်က မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုတားဆီးရေးဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းဟောပြောသည်။ ထို့နောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးရာဇာဝင်းထွန်းက သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ရန် အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးစည်သူအောင်က ကျေးရွာနေပြည်သူများ၊ ကျောင်းသား/ကျောင်းသူလူငယ် များ သိရှိလိုက်နာရမည့် အကြောင်းအရာများကိုလည်းကောင်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးစိုင်းလောဝ်ခေးက ပညာရေးနှင့်ကျောင်းစည်းကမ်းဆိုင်ရာများကိုလည်းကောင်း၊ လူမှုရေးပရဟိတအသင်းဥက္ကဋ္ဌ ဦးလှမောင်သာကအသင်း၏ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ အကြောင်းများကိုလည်းကောင်း အသီးသီးရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် နံနက် ၁၁ နာရီချိန်တွင် စံပြကချင်ကျေးရွာများရှိ အ မ က စာသင်ကျောင်းသို့ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားရှိသည့် လူကုန်ကူးမှုနှင့်ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသားကျောင်းသူများက လေ့လာကြည့်ရှု့ကြရာသက်ဆိုင်ရာကျောင်းမှ ဆရာမများက ရှင်းလင်းပြောပြ၍ ပူးပေါင်းအဖွဲ့က ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေးလက်ကမ်းစာစောင်များ၊ အာဟာရမုန့်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)