ပင်းတယ နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြတ်ရတနာခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ၂၀၁၉-၂၀၂၀/ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားအား အထက၊ ပင်းတယ ကျောင်းသား/သူများမှ "ဘက်စုံပညာကိုရည်တို့လှမ်းချီ" သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက ကျောင်းသား၊ ကျောင်းသူများအား သင်ခန်းစာပေးသူမဖြစ်ပါစေနဲ့ သင်ခန်းစာယူတဲ့သူဖြစ်ပါစေကြောင်း၊ ပညာတတ်လူမိုက်မဖြစ်ပါစေနဲ့၊ အတတ်ပညာသာမက အသိပညာပါ ပြည့်စုံမှသာ လောကမှာ အရာရာအောင်မြင်နိုင်မှာဖြစ်ကြောင်း၊ အနာဂတ်မြန်မာနိုင်ငံတော်အတွက် အားကိုးအားထားရတဲ့ လူတော်၊လူကောင်းများဖြစ်ကြပါစေကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့ထက်တော်သော၊တတ်သော ပညာပြည့်ဝနှလုံးလှသည် ကျောင်းသား၊ ကျောင်းသူများဖြစ်အောင် ယခုထက်ပိုပြီး သင်ကြားပေးစေလိုကြောင်း စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားပေးသည်။
ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ အထက၊ ပင်းတယအတွက် အလှူငွေနှင့် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများချီးမြှင့်ပေးခဲ့သည်။
ဆက်လက်၍ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ သက်ဆိုင်ရာဌာနဆိုင်ရာများမှ ပွေးလှ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားသို့ သွားရောက်ခဲ့ကြောင်း သိရပြီး၊ အဆိုပါအခမ်းနားတွင် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အမှာစကားပြောကြား၍ အလှူငွေနှင့်ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုများကိုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)