ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့်အားကစားပစ္စည်း လှူဒါန်းပွဲကျင်းပ

ဒဂုံဆိပ်ကမ်း  နိုဝင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်(၁၀)နာရီက လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းလှူဒါန်းပွဲ အခမ်းအနားကျင်းပ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူးဒေါ်အေးမာလွင်က ကျောင်းသား/သူလူငယ်များ အနေဖြင့်အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ အကျင့်စာရိတ္တကောင်းမွန်စေရန်၊ ရည်မှန်းချက်များ ထားရှိတတ်ကြစေရန်၊ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားများပြုလုပ်ဆောင်ရွက်နိုင်စေရန် စသည့်ဖြင့်အမှာစကားပြောကြားခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဒေါ်ဂျူးဂျူးမက လူငယ်များအားကစားကို တန်ဖိုးထားပြုလုပ်မည့်အလေ့အကျင့်များ ရရှိစေရန်၊ အရည်အချင်း ပြည့်ဝသည့်ကျောင်းသား/သူများ ဖြစ်လာစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ဟောပြောခဲ့ပြီးနောက် အားကစားပစ္စည်းများအား ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ် ဆရာကြီးဦးစံသိန်းက လက်ခံရယူခဲ့သည်။

ဆက်လက်၍ ကျောင်းသား/ကျောင်းသူလေးများမှ ဝူရှူးအားကစားနည်းဖြင့် သရုပ်ပြသခြင်း၊ မြန်မ့ာသိုင်းဖြင့် သရုပ်ပြသခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အေးမဥ္ဇူ(ပြန်/ဆက်)