မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့သော နိုင်ငံ့၀န်ထမ်းများအတွက် ဆေးကုသစရိတ်ထောက်ပံ့ငွေပေးအပ်

မော်လမြိုင် နို၀င်ဘာ ၂၅

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကျန်းမာရေး၀န်ကြီးဌာန မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ပညာရေး၊ ကျန်းမာရေးနှင့်နိုင်ငံ့၀န်ထမ်းများ၏ အခန်း ကဏ္ဌမြှင့်တင်ပေးနိုင်ရန်အတွက် နိုင်ငံ့၀န်ထမ်းများကို သင့်လျော်သည့် ခံစားခွင့်ရရှိအောင် ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူခဲ့သော နိုင်ငံ့၀န်ထမ်းများအတွက် ထပ်ဆောင်းကုန်ကျခဲ့သောဆေးကုသ စရိတ်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို မော်လမြိုင်ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။

ရှေးဦးစွာ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒ၀င်းက နိုင်ငံ့၀န်ထမ်းများအတွက် ကျန်းမာရေး၀န်ကြီးဌာနက ဆောင်ရွက်ပေး‌နေသော အခမဲ့ဆေးဝါးကုသခွင့်အပြင် ထပ်ဆောင်းကုန်ကျခဲ့သော ပြည်တွင်းဆေးကုသစရိတ်များ ကို‌ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ပြည်တွင်းဆေးကုသစရိတ် ထောက်ပံ့ပေးရာတွင် သတ်မှတ်ချက်များနှင့်အညီ စနစ်တကျ စိစစ်ထုတ်ပေးလျက် ရှိပါ ကြောင်း၊ ပြည်သူ့ဆေးရုံတွင် နိုင်ငံ့၀န်ထမ်းများ ကဆေးကုသစရိတ် တင်ပြတောင်းခံလာပါက အမြန်ဆုံးစိစစ်ပြီးထပ်ဆောင်း ဆေးဝါးကုသ စရိတ်ကုန်ကျငွေများအား  တစ်ပတ်အတွင်း  ဆေးကုသစရိတ်များ ပြန်လည်ထုတ်ပေးနိုင်ရေး အလေးပေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊  ကျန်းမာရေးကိစ္စအတွက် ကုန်ကျစရိတ်ကို နိုင်ငံတော်က တာ၀န်ယူဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံ့၀န်ထမ်းများ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းစွာဖြင့် နိုင်ငံ့တာ၀န်များကို ပိုမိုကျေပွန်စွာ ထမ်းဆောင်နိုင်ပြီး ပြည်သူ့အကျိုး တိုးတက်သယ်ပိုးနိုင်ရန် ရည်ရွယ်ချက်များဖြင့် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့သော နိုင်ငံ့၀န်ထမ်းများအတွက် ဆေးကုသစရိတ် ထောက်ပံ့ငွေများကို ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒ၀င်းက ပေးအပ်ရာ သက်ဆိုင်ရာ ကုသမှုခံယူခဲ့သော ၀န်ထမ်းများက လက်ခံရယူခဲ့ ကြသည်။‌

ယနေ့တွင် မော်လမြိုင်ခရိုင်မှ၀န်ထမ်း (၄)ဦး သထုံခရိုင်မှ ၀န်ထမ်း (၃) ဦး စုစုပေါင်း ၀န်ထမ်း (၇) ဦးအား ထောက်ပံ့ငွေကျပ် (၁၉၁၆၈၁၀ )အား လက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်ခရိုင်ပြန်/ဆက်