ခရမ်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက်  ကျောင်းများတွင် အသိပညာပေးဟောပြော၊ နံရံကပ်စာစောင်များပြသ

ခရမ်း နိုဝင်ဘာ  ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် အ.ထ.က(၁)ကျောင်းခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့မွန်းလွဲ(၁၄:၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်နှင်းဝေက စာပေ၏တန်ဖိုးခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေးဟောပြောရာတွင် လူငယ်များအနေဖြင့် စာပေ၏တန်ဖိုးကိုသိရှိပြီး ကျောင်းစာသာမက ပြင်ပဗဟုသုတများရရှိစေမည့် သုတ၊ ရသစာပေများကို ဖတ်ရှုလေ့လာသင့်ကြောင်း၊ အသိပညာ၊ အတတ်ပညာဖွံ့ဖြိုးတိုးတက်စေဖို့၊ စဥ်စားဆင်ခြင်ဆုံးဖြတ်နိုင်ဖို့၊ ဉာဏ်အမြော်အမြင်မြင့်မားဖို့၊ အသိပညာဗဟုသုတရရှိစေမည့် စာကောင်းပေကောင်းများကို လေ့လာသင်ယူပြီး စာဖတ်သည့်အလေ့အထများကို  လေ့ကျင့်ပျိုးထောင်ယူရမှာဖြစ်ကြောင်း ဟောပြောခဲ့သည်။

ဆက်လက်၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နံရံကပ်စာစောင်များ၊ ခင်းကျင်းပြသထားရာတွင် ကျောင်းသား၊ ကျောင်းသူများက  စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။

ကျောင်းသားကျောင်းသူလေးများအား အချိန်ရှိခိုက်လုံ့လစိုက်၍ စာပေ၏အကျိုးကျေးဇူး၊ စာပေ၏တန်ဖိုးရှိပုံများ၊ စာပေကိုချစ်မြတ်နိုးပြီးတန်ဖိုးထားကာ လေ့လာဖတ်ရှုစေရေးအတွက် ကျောင်းများအားလှည့်လယ်၍ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓါတ်ပုံများကို ဆက်လက်၍ ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုမင်း (ခရမ်း)