သာစည် နိုဝင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ မကျီးကန်ကျေးရွာတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံဖြိုးရေးလုပ်ငန်းများအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံမိဘပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အဆိုပါကျောင်းတိုက်ရှိ ဆရာတော်ထံ လှူဘွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြသည်။ ထို့နောက် ဆွေးနွေးပွဲ စတင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က ဒေသခံ မိဘ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး လူမှုရေးစသည့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် စုပေါင်း၍ လာရောက်ခြင်းဖြစ်ပါကြောင်း၊ အထွေထွေရွေးကောက်ပွဲတွင် အဓိကအရေးပါသည့် လူဦးရေဆိုင်ရာ အချက်အလက်များ ပြင်ဆင်ဖြည့်စွက်ခြင်း လုပ်ငန်းများတွင်လည်း ပူးပေါင်းပေးကြစေလိုကြောင်းနှင့် ဒေသခံ မိဘပြည်သူများမှလည်း မိမိတို့၏ လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးပေးကြလိုကြောင်း ရှင်းလင်းပြောကြားသည်၊
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် တက်ရောက်လာသော ဒေသခံမိဘပြည်သူများမှ ကျေးလက် ကုန်ထုတ်လမ်း(၁)ခု၊ ကျေးရွာခြင်းဆက်လမ်း(၄)ခု၊ ဆည်ကန်ပြုပြင်ရေး(၁)ခု၊ ကျောင်းအဆင့် တိုးမြှင့်စေလိုကြောင်း ဆွေးနွေးချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြသည်။ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံမှလည်း ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းများကို ဒေသခံပြည်သူများအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)