ပျော်ဘွယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့နှင့် ကျေးရွာနေဒေသခံပြည်သူများတွေ့ဆုံ

ပျော်ဘွယ် နိုဝင်ဘာ ၂၅

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပျော်ဘွယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများပူးပေါင်းပါဝင်သည့်အဖွဲ့နှင့် ကျေးရွာနေဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီ (၃၀)မိနစ်အချိန်က ပုတီးကုန်း(အလယ်)ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးလွင်က နိုင်ငံတော်အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ဒေသဖွံ့ဖြိုးရေးအတွက်လိုအပ်သည်များကို ဖြည့်ဆည်းနိုင်ရေးအတွက် ယခုကဲ့သို့ ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့်လာရောက်ခြင်းဖြစ်ကြောင်းကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာ(၁၄)ခုမှ တာဝန်ရှိသူတို့က မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်သူလူထုနှင့် ဆက်စပ်လုပ်ကိုင်ဆောင်ရွက်နေမှုအခြေအနေများ၊ ရပ်ကွက်နှင့်ကျေးရွာများအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးကြသည်။

ထို့နောက် တက်ရောက်လာသည့်ကျေးရွာပြည်သူများက ကျေးရွာအတွင်းဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်နေသည့်လုပ်ငန်းများကိုဆောင်ရွက်ပေးနိုင်ရန် ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးလွင်နှင့် သက်ဆိုင်ရာဌာနများမှ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့်အခြေအနေများကို ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

၎င်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးလွင်နှင့်အဖွဲ့သည် ကျန်းမာရေးဝန်ထမ်းများက ကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆောင်ရွက်နေမှု၊ နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးနေမှုတို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး