လှိုင်မြို့နယ်တွင် ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များ ဝယ်ယူနိုင်ရေး နေ့စဉ်ရောင်းချပေး

လှိုင်   နို၀င်ဘာ   ၂၅

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ပြည်သူများအနေဖြင့် နေ့စဉ်လူမှုဘဝစားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို  ဈေးနှုန်းချိုသာစွာ နေ့စဉ်ရောင်းချပေးလျက်ရှိရာ လှိုင်မြို့နယ်တွင်လည်း အမှတ်(၃)ရပ်ကွက်၊ (၁၁)လမ်း၊ ရပ်ကွက်ဓမ္မာရုံတွင် ယနေ့နံနက် ၀၉:၀၀ နာရီအချိန်မှစတင်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ရောင်းချရာတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာညွှန်ကြားချက်များနှင့်အညီ လိုက်နာမှုရှိစေရေးနှင့် ပြည်သူများ အဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေးတို့အတွက် လှိုင်မြို့နယ်အုပ်ချုပ်ရေးစစ်ကြောင်းမှဦးဆောင်၍ ကြီးကြပ်ကူညီဆောင်ရွက်ပေးလျက်ရှိကာ တရားဥပဒေစိုးမိုးရေးစစ်ကြောင်း၊ ကျန်းမာရေးစစ်ကြောင်းတို့တွင်ပါဝင်သည့် ဌာနဆိုင်ရာများက နေအိမ်ပြင်ပထွက်ခွာသည့် အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာ ကျင့်သုံးနိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်းများ တပ်ဆင်ရေးလှုပ်ရှားမှုပြုလုပ်ပြီး နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခြေခံစားသောက်ကုန်များကို ရောင်းချရာတွင် စားဆီတစ်ပိဿာလျှင် ၄၅၀၀ ကျပ်၊  ကြက်ဥတစ်လုံးလျှင် ၁၇၅ ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ နေ့စဉ်ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ကျော်ရဲအောင်