ညောင်ဦး နိုဝင်ဘာ ၂၅
လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ညောင်ဦးမြို့၊ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၊ စုပေါင်းခန်းမ၌ကျင်းပခဲ့သည်။
ရှေးဦးစွာ ကြားခံဆွေးနွေးသူအဖြစ်ဆောင်ရွက်သူ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်စန်းယုမော် (လက်ထောက်ညွှန်ကြားရေးမှူး)က ကျောင်းသား၊ ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်းပြောကြားကာ ဦးဆောင်ဆွေးနွေးသူများဖြစ်သည့် ညောင်ဦး ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုး၊ အခြေခံပညာအထက်တန်း ကျောင်း(မြို့မ) ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ဝင်းတို့မှ ဦးဆောင်၍ မောင်သိုက်အောင်(ဒဿမတန်း)က “လူငယ်နှင့်ဝီရိယ” ခေါင်းစဉ်ဖြင့် ဆွေးနွေးခြင်း၊ မောင်သွင်ထူးလွင်(ဧကာဒသမတန်း)မှ “လူငယ်နှင့်ယဉ်ကျေးမှု” ခေါင်းစဉ်ဖြင့်ဆွေးနွေးခြင်း၊ မောင် ကောင်းခန့်ဇော်(အဌမတန်း)က “လူငယ်နှင့်စာရိတ္တ” ခေါင်းစဉ်ဖြင့်ဆွေးနွေးခြင်း၊ မမြတ်ဆုသင်း(ဧကဒသမတန်း)၊ မနှင်းဖြူစင်(ဒသမတန်း)၊ မအိရူပါဝင်းတို့က လူငယ်နှင့်မူးယစ်ဆေး၊ စာရိတ္တရှိတဲ့လူတစ်ယောက်ဖြစ်ဖို့ ရှိရမည့်အရည်အချင်းများ၊ လူငယ်နှင့်အနုပညာဆိုင်ရာ အကြောင်းအရာခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းဆွေးနွေးချက်များကို ပြန်လည်ဖြည့်စွက်ဆွေးနွေးကြကြောင်း သိရသည်။
အဆိုပါ လူငယ်စကားဝိုင်းသို့ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အရာထမ်း၊အမှုထမ်းများ၊ ညောင်ဦးခရိုင်စာသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုး၊ အခြေခံပညာဦးစီးဌာနမှ အထက(မြို့မ)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအင်အား(၂၅၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုကြေးမုံ