ဒလ နိုဝင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် မြို့နယ်မီးသတ်တပ်ဖွဲ့ရုံး၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအမှတ်စဉ်(၁/၂၀၂၂) သင်တန်းဆင်းပွဲကို ယနေ့နံနက်(၉)အချိန်က အဆိုပါရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်၊ ဒလမြို့နယ် ဌာနဆိုင်ရာမှအကြီးအကဲများ၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် သင်တန်းသားများတက်ရောက်ကြကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်ကျော်က သင်တန်းဆင်းအမှာစကားပြောကြားပြီး ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်များကို မီးဘေးအန္တရာယ်မှတားဆီးကာကွယ်ရန်၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက စနစ်တကျရှာဖွေကယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်နှင့် လူမှုဝန်ထမ်းစိတ်ကို အခြေခံသည့် လူမှုရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ရန် ပြောကြားခဲ့သည်။ ထို့နောက်သင်တန်းသားများအား အရန်မီးသတ်တူညီဝတ်စုံများပေးအပ်ခြင်း၊ ဆုချီးမြှင့်ခြင်းနှင့် သင်တန်းဆင်းလက်မှတ်များ အားပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါသင်တန်းတွင် အရန်မီးသတ်ဖွဲ့ဝင်များအား၊ စစ်ရေးပြ၊ မီးသတ်ပညာ၊ ရှာဖွေကယ်ဆယ်ရေး၊ အသက်ကယ်နည်းစနစ် ဘာသာရများကို သင်တန်းပြဆရာ(၅)ဦးက စာတွေ့လက်တွေ့ နိုဝင်ဘာလ ၁ ရက်နေ့မှ ၂၅ ရက်အထိ သင်တန်းသား(၅၀)ဦးအား သင်တန်းပို့ချခဲ့ကြောင်း သတင်းရရှိပါသည်။
မြင့်ဇော် (ပြန်/ဆက်)