ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ​ပြင်ဦးလွင်မြို့ အထက (၄) ၌ ကျင်းပ

ပြင်ဦးလွင်နိုဝင်ဘာ ၂၅

လူငယ်များ ဘက်စုံဖွံဖြိုးတိုးတက်‌​စေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံစေရန် ရည်ရွယ်၍  လူငယ်စကားဝိုင်းကို ပြင်ဦးလွင်မြို့ အထက(၄)၌​ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ Moderator အဖြစ် ဆောင်ရွက်သည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်​ထောက်ညွှန်ကြား​ရေးမှူး ဒေါ်ငုချိုချိုကျော်က ကျောင်းသား၊ ကျောင်းသူများ ဘက်စုံဖွံဖြိုး တိုးတက်စေရန်နှင့် စာအုပ်စာပေများဖတ်ရှုသည့် အလေ့အထများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍

လူငယ်စကားဝိုင်းများကို အခြေခံပညာကျောင်းများတွင် ကျင်းပရခြင်းဖြစ်ပါကြောင်းပြောကာ ဦးဆောင်ဆွေးနွေးမည့်သူများနှင့် မိတ်ဆက်ပေးသည်။

ဆက်လက်၍ ဆွေးနွေးသူများဖြစ်ကြသည့်ဆရာမကြီး ဒေါ်သီတာအောင်မှ ဦးဆောင်၍ Grade 11 မှ မောင်ဟိန်းသန့်၊ မမေမျိုးသက်၊ Grade 9 မှ မယဉ်မင်းထက်နှင့် Grade 8 မှ မောင်မင်းဘုန်းခန့်တို့မှ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်စာရိတ္တခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။

ထို့နောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသူများထဲမှ ပြင်ဦးလွင်မြို့နယ် အမျိုးသမီး ရေးရာအဖွဲ့ဝင် ဒေါ်ကြူကြူကလည်း ခေါင်းစဉ်များနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးခဲ့သည်။ အဆိုပါ လူငယ်စကားဝိုင်းသို့ အထက (၄) မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း အင်အား ၂၀၀ ခန့် တက်ရောက်ကြပြီး ခင်းကျင်းပြသထားသော စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ​လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)