နောင်တရားမြို့၌ တောင်ယာစပါး စတင်ရိတ်သိမ်း

နောင်တရား နိုဝင်ဘာလ ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အနီးပတ်ဝန်းကျင်၌ ဒေသမျိုးစပါးဖြင့် စိုက်ပျိုးသည့် တောင်ယာစပါး စတင်ရိတ်သိမ်း လျက်ရှိကြောင်း သိရသည်။

 “ကျွန်တော်တို့ရွာမှာ တောင်ယာစပါးကို ယခင်ကတော့ အိမ်တိုင်းစေ့စိုက်ပါတယ် ယခုတော့ ဆယ်အိမ်မှာ တစ်အိမ်လောက်ဘဲ စိုက်တော့တယ် လူအများစု ဝယ်စားတာများတယ် ကျွန်တော်က တောင်ယာဆန်နီကို ပိုကြိုက်လို့ နှစ်တိုင်းစိုက်ဖြစ်ပါတယ်၊ တောင်ယာစပါးက အထွက်နှုန်းကတော့နည်းတယ် ဒေသဆန်နီစပါးမျိုးကို ပြန်စိုက်လို့ရတော့ အထွက်နည်းလည်း ဆန်နီကိုဘဲစိုက်ဖြစ်ပါတယ် တစ်ဧကကို အိမ်တစ်အိမ် မိသားစုတစ်စုအတွက်တော့ လုံလောက်တယ် ရောင်းဖို့တော့မရှိဘူးပေါ့ အခြားစပါးတွေကိုတော့ မစိုက်ဖြစ်ဘူး” ဟု နောင်ယဉ်ရွာမှ တောင်ယာစပါး စိုက်ပျိုးသည့် တောင်သူတစ်ဦးကပြောသည်။ တောင်ယာစပါးရိတ်သိမ်းချိန်တွင် ရာသီဥတုပေါ်မူတည်၍ အလှည့်ကျရိတ်သိမ်းသည့်အလေ့အထရှိပြီး တောင်ယာစပါးစိုက်ပျိုးသည့် တောင်သူများ စုပေါင်းရိတ်သိမ်းကြသည်။

နောင်တရားမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်းမျိုးသန့်ဖြစ်သည့် ရွှေရင်အေးမျိုးစပါးများကို ရောင်းချပေးခြင်း၊ စပါးစိုက်တောင်သူများကို မြေဩဇာများ ထောက်ပံ့ပေးခြင်းလုပ်ငန်းများကို နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)