ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မွေးကင်းစမှအသက်(၁)နှစ်ခွဲအရွယ်ထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ

ဒဂုံဆိပ်ကမ်း နိုဝင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊  ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ရပ်ကွက်များအတွင်းရှိ အသက်မွေးစမှ တစ်နှစ်ခွဲအရွယ်အထိ ကလေးငယ်များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းအစီအစဉ်ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်ကစ၍ အမှတ်(၁၆၈)ရပ်ကွက်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အသက်မွေးစမှ တစ်နှစ်ခွဲအရွယ်ထိ ကလေးများအား အဆုတ်တီဘီ၊ ငါးမျိုးစပ်(BCG)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်၊ မေးခိုင်၊ ဝက်သက်ရောဂါ ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးပေးခဲ့သည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ရပ်ကွက်ပေါင်း(၂၀)ရပ်ကွက်အတွင်းရှိ ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက အပတ်စဉ်ကြာသပတေးနေ့တိုင်း စဉ်ဆက်မပြတ် စနစ်တကျဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသတင်းရရှိသည်။

အေးမဥ္ဇူ(ပြန်/ဆက်)