မိတ္ထီလာမြို့နယ်၌ သောက်သုံးရေအဆင်ပြေစေရေးအတွက် ကျေးရွာ နှစ်ရွာတွင် မြေသားရေကန် တူးဖော်ပြုပြင် ခြင်း လုပ်ငန်းဆောင်ရွက်

မိတ္ထီလာ၊ စက်တင်ဘာလ ၂၁


မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌  သောက်သုံးရေ အဆင်ပြေစေရေးအတွက် ကျေးရွာနှစ်ရွာ တွင် ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေ ၁၉.၆၉ သန်းဖြင့် မြေသားရေကန် တူးဖော်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် နွေရာသီတွင် သောက်သုံး ရေလိုအပ်ချက် မရှိစေရန် စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း၊ မြေသားရေကန်များ တူးဖော်ခြင်း လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာမှ သောက်သုံးရေ လိုအပ်လျှက်ရှိသော  ပေါက်ပင်အိုင့် ကျေးရွာနှင့် အောင်ပင်သာ ကျေးရွာတို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေကျပ်   (၁၉.၆၉) သန်းဖြင့် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ယူ၍ စက်တင်ဘာလ ၁၇ ရက်နေ့မှ စတင်၍  မြေသားရေကန် ပြန်လည်တူးဖော်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ဆောင်ရွက်လျက်ရှိရာမှ အိမ်ခြေ ၂၀၈ အိမ် ၊ လူဦးရေ ၁၄၀၀ ဦး ရှိသော ကျောက်ဖြူကုန်းကျေးရွာအုပ်စု ပေါက်ပင်အိုင် ကျေးရွာတွင် တိုင်းဒေသကြီးရန်ပုံငွေ ၉.၇၇သန်း ဖြင့် အလျား ပေ ၄၀၀၊ အနံ ပေ ၁၄၀ ၊ အနက် ၂.၂၅ ပေရှိ မြေသားရေကန် ပြန်လည်တူးဖော်ပြုပြင်ခြင်းနှင့် အိမ်ခြေ ၉၄ အိမ် လူဦးရေ ၄၆၃ ဦးရှိသည့် ရွှေပန်းတိုင်ကျေးရွာအုပ်စု အောင်ပင်သာကျေးရွာတွင် တိုင်းဒေသကြီးရန်ပုံငွေ ၉.၉၂သန်း ဖြင့် အလျား ပေ ၂၇၀ ၊ အနံ ပေ ၂၂၀ ၊ အနက် ၂ ပေရှိ မြေသားရေကန်ပြန်လည်တူးဖော် ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမျိုလတ်ထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)