သီပေါမြို့နယ် (သီပေါ-ပန်လုံ-မန်စံ-နမ္မတူလမ်း)တွင် AC လမ်းခင်းခြင်းဆောင်ရွက်မည့် လုပ်ငန်းနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

သီပေါ နိုဝင်ဘာ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် သီပေါ-ပန်လုံ-မန်စံ-နမ္မတူလမ်း(သီပေါ မြို့တွင်းအပိုင်း) ကတ္တရာကွန်ကရိလမ်း(AC)ခင်းခြင်းလုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ် လမ်းဦးစီးဌာနရုံး ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ပိုးအိအိစိုးက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့်  သီပေါ-ပန်လုံ-မန်စံ-နမ္မတူလမ်း (မြို့တွင်းအပိုင်း) ကတ္တရာ ကွန်ကရိလမ်း(AC)ခင်းခြင်း လုပ်ငန်းဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ လမ်းအရှည်မိုင်(၄.၅)ဖာလုံရှိပြီး အကျယ်(၂၄)ပေဖြစ်ကြောင်း၊ လုပ်ငန်းအား ၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် စတင်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ဆောင်ရွက်မည့်နေရာ လမ်းတစ်လျှောက်အား ဒီဇင်ဘာလ ၄ ရက်နေ့ ညနေပိုင်းမှစတင်၍ ၂၀ ရက်နေ့အထိ ပိတ်ထားမည်ဖြစ်ပါကြောင်း၊ ၂၁ ရက်နေ့တွင် လမ်းပြန်လည် ဖွင့်လှစ်ပေးပြီး ဒီဇင်ဘာလ၂၈ ရက်နေ့တွင် ပြန်လည်ပိတ်၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၂ရက်နေ့ အထိ (၂)ကြိမ်ခွဲ၍ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်မည့် အချိန်ကာလ အတွင်း အများပြည်သူများ၊ မော်တော်ယာဉ်များသွားလာမှု အဆင်ပြေစေရန်နှင့် လမ်းလွှဲမှ သွားလာနိုင်ရေးတို့အတွက် ကြိုတင်စီမံ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းပြောကြား ခဲ့သည်။

ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိမှ လည်းကောင်း၊ မီးသတ်ဦးစီးဌာန ဦးစီးမှူးမှလည်းကောင်း၊ မြို့လယ်ရပ်ကွက်နှင့် မြန်မာရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ကလည်းကောင်း၊ လမ်းလုပ်ငန်းဆောင်ရွက်မည့် ပတ်ဝန်းကျင်အနီးနေထိုင်သော ပြည်သူများနှင့် ဈေးဆိုင်ပိုင်ရှင်များကလည်းကောင်း အသီးသီး အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)