ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုယ်လက်လှုပ်ရှားခြင်း အကျိုးကျေးဇူးများအကြောင်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပ

ဒဂုံအရှေ့ နိုဝင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကိုယ်လက်လှုပ်ရှားခြင်း အကျိုးကျေးဇူးများအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး (TalkShow) ဆွေးနွေးပွဲတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဦးစီးအရာရှိဒေါ်ဝင်းအိမွန်က အသိပညာပေးဆွေးနွေးရာတွင် ကိုယ်လက်လှုပ်ရှားခြင်းဖြင့် မိမိကျန်းမာရေးကို စောင့်ရှောက် နိုင်မည်ဖြစ်ရာ ကိုယ်လက်လှုပ်ရှား အားကစားနည်းများမှ အေရိုးဗစ်လေ့ကျင်းခန်း၊ ရွရွပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ကြိုးခုန်းခြင်း၊ ပြေးခြင်း၊ တင်းနစ်ကစားခြင်း၊ လက်ဝှေ့ထိုးခြင်း၊ ကခုန်ခြင်းစသည့်လှုပ်ရှားမှုအားလုံး အကျုံးဝင်ကြောင်း ဆွေးနွေးပြောကြား ခဲ့ပြီးနောက် စာကြည့်တိုက်မှူး ဒေါ်တင်နီလာကျော်က ကိုယ်လက်လှုပ်ရှားခြင်းဖြင့် ရရှိလာမည် အကျိုးကျေးဇူးများမှာ လူခန္ဓာကိုယ်ရှိကြွက်သားတွေကို ကျစ်လျစ်စေ၍ နှလုံးသွေးလည်ပတ်မှုအား ကောင်းစေကာသက်ရှည်ကျန်းမာမှု အထောက်အကူ ဖြစ်စေမည်ဖြစ်တဲ့အတွက် ကိုယ်ကာယလေ့ကျင့်ခန်းများ နေ့စဉ်မှန်မှန်လေ့ကျင့်သူများသည် အမြဲကျန်းမာကြံ့ခိုင်ရုံသာမက အသားအရေက အစခန္ဓာကိုယ်အခြေအနေ အရပ်ရပ်နုပျိုစေနိုင်မှာဖြစ်ကြောင်း အပြန်အလှန်ဆွေးနွေး ပြောကြားခဲ့သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပြည်သူ့များအသိပညာ ဗဟုသုတရရှိစေမည်ဆွေးနွေးပွဲ (TalkShow) များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ မြို့နယ်စာရေး ဆရာအသင်း Book Club အဖွဲ့များနှင့်အတူ မြို့နယ်ရုံးမှဦးစီးအရာ၊ ဝန်ထမ်းများက ဆွေးနွေး ရိုက်ကူးလွင့်တင် ပေးလျက်ရှိကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)