မိုးနဲ နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ရှိ ဒေသခံပြည်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအားထားလုပ်ကိုင်လျက်ရှိပြီး ယခုနှစ်တွင် အစေ့ထုတ်ပြောင်းများ စျေးကောင်းရရှိသဖြင့် အစေ့ထုတ်ပြောင်းစိုက်တောင်သူ မိသားစုဝင်များ အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ကင်တုံကျေးရွာနေ နန်းလွယ်၏ ပြောကြားချက်အရ သိရသည်။
အစေ့ထုတ်ပြောင်းသီးနှံမျိုးကို CP-808 အထွက်ကောင်းမျိုးကို ရွေးချယ်ကာ ဇွန်လမှစ၍ စိုက်ပျိုးပြီး အပင်အရွယ်အစားအလိုက် ပေါင်းလိုက်ခြင်း၊ အပွင့်မပွင့်မီနှင့်အပွင့်ပွင့်ချိန်၊ သီးကင်းလိုက်ချိန်တွင် ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ အားဆေးများပက်ဖျန်းရကြောင်း၊ စတင်စိုက်ပျိုးချိန်မှ (၄) လကျော်ပါက စတင်ခူးဆွတ်ခြင်း၊ အစေ့ခြွေခြင်း၊ နေလှန်းအခြောက် ခံခြင်းများ ပြုလုပ်ပြီးပါကရောင်းချရကြောင်း၊ ဒီနေ့ပေါက်ဈေးအနေဖြင့် အစေ့ထုတ်ပြောင်း တစ်ပိဿာလျင် ငွေကျပ် ၉၂၀ ကျပ်နှင့်ရောင်းချရသဖြင့် စိုက်ပျိုးစရိတ် သွင်းအားစုကုန်ကျမှု များသော်လည်း မိသားစုအတွက် အဆင်ပြေကြောင်း အဆိုပါတောင်သူက ပြောကြားခဲ့သည်။
မိုးနဲမြို့နယ်အတွင်း ၂၀၂၂ ခုနှစ်မိုးရာသီကာလတွင် အစေ့ထုတ်ပြောင်းစုစုပေါင်း ၂၃၂၂၅ ဧကကို ဒေသခံတောင်သူများ စိုက်ပျိုးကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)