မလှိုင် နိုဝင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူးဒေါ်စုစုနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က ရေနီကျေးရွာအုပ်စု၊ ကံကလေး ကျေးရွာတွင်း ကွန်ကရစ် (ဘီးလမ်း) နှစ်ဖက်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအားသွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါလမ်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေကျပ်သိန်း(၁၀၀) ၊ ပြည်သူလူထုလုပ်အားနှင့်ထည့်ဝင်ငွေ ကျပ်သိန်း (၃၀) ၊ စုစုပေါင်း ငွေကျပ် သိန်း(၁၃ဝ) တို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်စုစုက ရှင်းလင်းတင်ပြရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်မှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါလမ်းအရှည်မှာ တစ်ဖက်လျှင် အလျား(၆၅၀)ပေ၊ အနံ (၃)ပေ၊ ထု (၆)လက်မရှိကွန်ကရစ် (ဘီးလမ်း)နှစ်ဖက်ခင်းခြင်းဖြစ်၍ စုစုပေါင်းလမ်းအရှည်မှာ (၁၃၀၀)ပေရှိကြောင်းသိရှိရသည်။ ကံကလေးကျေးရွာသည် အိမ်ခြေ (၁၀၇)၊ အိမ်ထောင်စု (၁၀၇)၊ လူဦးရေ (၅၇၀) နေထိုင်လျက်ရှိပြီး ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းသိရသည်။
အောင်ဌေး(မလှိုင်)