အမ်းမြို့နယ်၌ ပုဂ္ဂလိကမော်တော်ယာဉ်များစနစ်တကျပြေးဆွဲရေး ကော်မတီအသစ်ရွေးချယ်ပွဲကျင်းပ

အမ်း နိုဝင်ဘာ ၂၅

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ပုဂ္ဂလိကမော်တော်ယာဉ်များစနစ်တကျပြေးဆွဲရေး ကော်မတီအသစ်ရွေးချယ်ပွဲကို ရွှေအမ်းတောင်ခန်းမ၌ ယမန်နေ့ နေ့လယ်အချိန်က ပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ အမ်းမြို့နယ်၌ ပုဂ္ဂလိကမော်တော်ယာဉ်များစနစ်တကျပြေးဆွဲရေး ကော်မတီအသစ်ရွေးချယ်ပွဲကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးကျော်ကျော်နိုင်က ခရီးသည်တင်ယာဉ်အုပ်စုနှင့် ကုန်တင်ယာဉ်အုပ်စုကော်မတီဝင်များအဖြစ် ဆန္ဒပြုလျှောက်ထားလာသည့် ကော်မတီလောင်းများ၏ အမည်စာရင်းများအား ပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသည့်ယာဉ်ပိုင်ရှင်များက မြို့နယ်၌ပုဂ္ဂလိက မော်တော်ယာဉ်များစနစ်တကျပြေးဆွဲရေး ကော်မတီအသစ်အား မဲစနစ်ဖြင့် ဆန္ဒပြုရွှေးချယ်ခဲ့ကြရာ ဥက္ကဋ္ဌဦးသန်းချို၊ အတွင်းရေးမှူးဦးမြင့်မောင်၊ ဘဏ္ဍာရေးမှူး ဦးမျိုးကိုကို၊ စာရင်းစစ်ဦးကြည်သာဝင်းနှင့် အဖွဲ့ဝင်အဖြစ်ဦးမျိုးကိုကိုလတ်၊ ဦးကျော်ကျော်ထွန်း  တို့ရွှေးချယ်ခံရကြောင်း သိရသည်။

စိုးမင်းထွန်း