ပွင့်ဖြူမြို့ မြို့မစည်ပင်သာယာဈေး မီးဘေးလုံခြုံမှုရှိစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

ပွင့်ဖြူ နိုဝင်ဘာ ၂၅

ပွင့်လင်းရာသီချိန် ရောက်ရှိလာပြီဖြစ်၍ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင်  မြို့မစည်ပင်သာယာဈေးကြီးအား  မီးဘေးလုံခြုံမှုရှိစေရန်အတွက်  ယနေ့နံနက်ပိုင်းက မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ထိုသို့ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့် ဦးဆောင်၍ ဝန်ထမ်းများပူးပေါင်းအဖွဲ့က ဈေးကော်မတီဝင်များနှင့် အတူသွားရောက်ပြီး မြို့မစည်ပင်သာယာဈေးကြီး မီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် စီစဉ်ထားရှိသော ရေလှောင်ကန်များတွင် ရေဖြည့်တင်းခြင်း၊ ရေငုပ်များ အရေးပေါ်အသုံးပြုနိုင်ရေးပြင်ဆင်ခြင်း၊ မီးဘေးအန္တရာယ်ကြုံတွေ့ပါက အရေးပေါ်မီးငြှိမ်းသတ်နိုင်ရေး မီးသတ်ဆေးဘူးများ ကြံ့ခိုင်ကောင်းမွန်မှု ရှိ/မရှိ စစ်ဆေးခြင်းနှင့်ပြင်ဆင်ထားရှိခြင်း၊ မီးချိတ်၊ မီးကပ်၊ ရေပုံး အစရှိသည့် မီးငြှိမ်းသတ်ပစ္စည်းများဆောင်ရွက်ခြင်းတို့ကို စနစ်တကျ ပြင်ဆင်ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများအဖွဲ့က ဈေးပတ်ဝန်းကျင်တွင် မြို့မစည်ပင်သာယာဈေး မီးဘေးအန္တရာယ်ကင်းဝေးစေရေး ဈေးသူဈေးသားများနှင့် ဒေသခံပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်နှင့် မီးဘေးအန္တရာယ် သတိမူစေရန်အတွက် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဆိုင်းဘုတ်များကို စိုက်ထူဆောင်ရွက်ခဲ့ကြပြီး ဈေးအတွင်း၊ အပြင်ရှိ ဈေးဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကင်းဝေးစေရေး အထူးဂရုပြုလိုက်နာဆောင်ရွက်ကြရန် အသိပေး ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။  

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)