မောက်မယ် နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာဆွေးနွေးပွဲ Talk Show ကို ယမန်နေ့နေ့လယ် ၂ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်း က ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး မြို့နယ်လူမှုဝန်ထမ်းမှဦးစီးအရာရှိ ဒေါ်ချိုချိုလွင်က ကလေးသူငယ်များ၏ အခွင့်အရေးများဆိုင်ရာများအား ရှင်းလင်းဆွေးနွေးရာတွင် ကုလသမဂ္ဂကွန်ဗင်းရှင်းကို ၁၉၉၁ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြုပါဝင်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ကလေးသူငယ်ဥပဒေကို ၁၉၉၁ ခုနှစ်နှင့် ကလေးသူငယ်နည်းဥပဒေကို ၂၀၀၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ကြောင်း၊ ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာနှင့် ပတ်သက်ပြီး တိုင်း/ခရိုင်/မြို့နယ် CRC (Child Right Committee) ကော်မတီများကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ကလေးသူငယ်များအကျိုးကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ၏ အဓိကလုပ်ဆောင်ရမည့်တာဝန်(၄)ရပ်အကောင်အထည်ဖော်ခြင်း၊ စောင့်ကြည့်ကြီးကြပ်ခြင်းနှင့် အစီရင်ခံခြင်း စသည့်တာဝန်(၃)ရပ်နှင့် လက်ရှိလုပ်ဆောင်နေသော ကလေးသူငယ်စောင့်ရှောက်ခြင်းလုပ်ငန်းများအကြောင်း၊ လူ့အခွင့်အရေးအဓိပ္ပာယ်၊ လူ့အခွင့်အရေးတွင်ပါဝင်သည့်အချက်များ၊ ကလေး၏အဓိပ္ပာယ်၊ ကလေးသူငယ်အခွင့် အရေးဆိုင်ရာသဘောတူစာချုပ်မှ သိသင့်သိထိုက်သည့်အခွင့်အရေးများ၊ အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာမူများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးများအတွက်ဆောင်ရွက်ပေးသည့် လုပ်ငန်းများထောက်ပံ့ပေးနေမှုများ၊ ကလေးသူငယ်များအား ခွဲခြားဆက်ဆံခြင်းဆိုင်ရာ ဥပဒေအကြောင်းအရာများ၊ ပြစ်မှုပြစ်ဒဏ်များစသည့် အကြောင်းအရာများကို အကျယ်တဝင့်ဆွေးနွေး ဟောပြောခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)