ရန်ကုန် နိုဝင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ဧရာဝတီခန်းမ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက အမှာစကား ပြောကြားရာတွင် လူငယ်များသည် နိုင်ငံတော်၏ အနာဂတ်ဖြစ်သည့် အားလျော်စွာ လူငယ်ဘဝကို အကျိုးရှိစွာဖြတ်သန်းရန်၊ အသိပညာ ဗဟုသုတ ပြည့်ဝရေးအတွက် လေ့လာဆည်းပူးကြရန်၊ ဗလငါးတန်ပြည့်ဝသည့် လူငယ်များပေါ်ထွက်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ အင်းစိန်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီမြင့်က ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင် ဦးဆောင်၍ ကျောင်းသားကျောင်းသူ(၆)ဦးက လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့် ယဉ်ကျေးမှု၊ လူငယ်နှင့် စာပေ၊ လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်များဖြင့် အသိပညာဗဟုသုတများကို ပြည့်ပြည့်စုံစုံ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြသည်။
ဆွေးနွေးချက်များအပေါ် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို ပြန်လည်၍ မေးခွန်းများ မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက မေးခွန်းများအား ကဏ္ဍအလိုက် အသီးသီး ပြန်လည် ဖြေကြားခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံးမှ ပြသထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲတို့အား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)