မလှိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မလှိုင် နိုဝင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အမှာစကားပြောကြားရာတွင်  ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် မလှိုင်မြို့နယ်အတွင်း ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတို့ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်နေသော တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများအား သက်ဆိုင်ရာဌာနများမှ အရည်အသွေး ပြည့်မီစွာဖြင့် သတ်မှတ်ကာလတွင် ပြီးစီးအောင်ဆောင်ရွက်ရန်၊ အထွေထွေရွေး ကောက်ပွဲအတွက် အဓိကအရေးကြီးသော လူဦးရေဆိုင်ရာ အချက် အလက်များ မှန်ကန်မှုရှိစေရန်အလေးထားဆောင်ရွက်ရန်၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်နှင့် သမဝါယမဦးစီးဌာနတို့မှ ထုတ်ချေး ထားသော ချေးငွေများအပြေ အကြေပြန်လည်ပေးဆပ်ရန် ဌာနဆိုင်ရာများအလိုက် ကောက်ခံရမည့်အခွန်အခများ အပြည့်အဝကောက်ခံသွားရန်နှင့် ပြည်သူလူထူတစ်ရပ်လုံး ကျန်းမာသန်စွမ်းမှုရှိစေရေးအတွက် ဒီဇင်ဘာလတွင် ကျင်းပမည့် လူထုလမ်းလျှောက်ပွဲ၌ ဌာနဆိုင်ရာများမှ ပူးပေါင်း ပါဝင်ဆောင်ရွက် သွားရန်  ရှင်းလင်းမှာကြားခဲ့သည်။

ယင်းနောက် မြို့နယ်စီမံကိန်း ဦးစီးမှူးဒေါ်ဝင်းယုဆွေမှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ရာ တက်ရောက်လာသော ဌာနဆိုင်ရာများက သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်နေမှုအခြေအနေတို့အား ပြန်လည်ရှင်းလင်းတင်ပြခဲ့သည်။ ဌာနဆိုင်ရာများ၏ တင်ပြဆွေးနွေးချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ ကျေးရွာ အုပ်စု(၅၆)အုပ်စုမှ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)