ကျောက်ဆည် နိုဝင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း အနော်ရထာခန်းမတွင် ယနေ့နံနက် (၉)နာရီက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (Grade-5)နှင့် (Grrade-9) အဆင့် စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ယာယီမြို့နယ်ပညာရေးမှူး ဒေါ်ခင်မာလာက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် (Grade-5)နှင့် (Grrade-9) အဆင့်တွင် ကျောင်းသား/ကျောင်းသူ (၁၀)ဦးအောက်ရှိသော ကျောင်းများအနေဖြင့် စာမေးပွဲများ ဖြေဆိုရာတွင် နီးစပ်ရာကျောင်းများတွင်တွဲ၍ ဖြေဆိုရမှာဖြစ်ကြောင်းနှင့် စာမေးပွဲမကျင်းပမီ ဆောင်ရွက်ရန်လုပ်ငန်းများအကြောင်းများ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးညီညီမင်းက စာမေးပွဲကျင်းပနေစဉ် ကြီးကြပ်ရေးမှူးနှင့် ရုံးအဖွဲ့ဝင်များ၊ စာမေးပွဲအခန်း စောင့်ကြပ်သူ လက်ထောက်ကြီးကြပ်ရေးမှူးများ၊ အခန်းပြင်ပ စောင့်ကြပ်သူ လက်ထောက်ကြီးကြပ်ရေးမှူးများ၊ လုံခြုံရေးဂိတ် စောင့်ကြပ်သူ လက်ထောက်ကြီးကြပ်သူများ၊ သန့်စင်ခန်းစောင့်ကြပ်သူ လက်ထောက်ကြီးကြပ်သူများ ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စာဖြေသူများ လိုက်နာရန် စည်းကမ်းချက်များနှင့် အ.ထ.က-၄ ကျောင်းအုပ်ဆရာကြီး ဦးမြင့်ဇော်ဦးက စာမေးပွဲကျင်းပပြီးနောက် အဖြေလွှာ သိမ်းဆည်းခြင်း၊ ထုပ်ပိုးခြင်း၊ ပေးပို့ခြင်းနှင့် အစီအရင်ခံစာများပေးပို့ခြင်း၊ အမှတ်ပေးစည်းမျဉ်းရေးဆွဲခြင်း၊ အဖြေလွှာ စစ်ဆေးခြင်း၊ အမှတ်စာရင်းပြုစုခြင်း၊ အောင်စာရင်းပြုစုခြင်းနှင့် ထုတ်ပြန်ခြင်းနှင့် ယခင်နှစ်များက ဆောင်ရွက်ခဲ့သည့် နမူနာပုံစံများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် အထက်တန်း၊ အလယ်တန်းနှင့်မူလတန်း ကျောင်းအုပ်ကြီးများက သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် အ.ထ.က(၁၁)ကျောင်း၊ အ.ထ.က(ခွဲ)(၉)ကျောင်း၊ အ.လ.က (၂)ကျောင်း၊ အ.လ.က(ခွဲ)(၉)ကျောင်း၊ မူလွန်(၂၅)ကျောင်း၊ အ.မ.က(၁၃၀)ကျောင်း၊ ကိုယ်ကျောင်း (၄)ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၁၈)ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သက်မောင်(ကျောက်ဆည်)