ယာဉ်လမ်းအန္တရာယ်ကင်းရှင်းပြီး ဘေးကင်းလုံခြုံသည့် ရန်ကုန်မြို့တွင်း ဘတ်စ်ကားဝန်ဆောင်မှု တစ်ခု ဖြစ်ပေါ်လာစေရေး အသိပညာပေးဟောပြော

တာမွေ နိုဝင်ဘာ ၂၄

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ြဖစ်သည့် ရန်ကုန်မြို့၌ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းပြီး ဘေးကင်း လုံခြုံသည့် ရန်ကုန်မြို့တွင်း ဘတ်စ်ကားဝန်ဆောင်မှုတစ်ခု ဖြစ်ပေါ်လာစေရေးအတွက် ယနေ့မွန်းလွဲပိုင်း အချိန်က ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)၏ စီစဉ်မှုဖြင့် ရန်ကုန်မြို့ တာမွေမြို့နယ် လေးထောင့်ကန် လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ရုံး၌ ကျင်းပသည့် YBS ယာဉ်မောင်းများ ယာဉ်အန္တရာယ် ကင်းရှင်းရေးဆွေးနွေးပွဲ အမှတ်စဉ် (၁၃/၂၀၂၂)တွင် ယာဉ်ထိန်းတပ်ဖွဲ့စု (၂၅)မှ ဒုရဲမှူးအေးသန်းနှင့် ဝန်ထမ်းများက YBS ယာဉ်မောင်းများအနေဖြင့် သိသင့်သိထိုက်သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အသိပညာပေး‌ ဟောပြောခဲ့သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် သက်ဆိုင်ရာတာဝန်ရှိသူများက ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ယာဉ်လိုင်းကုမ္ပဏီများမှ ယာဉ်မောင်းများအား နိုင်ငံတကာတွင် ယာဉ်မောင်းများ မောင်းနှင်နေသည့် အခြေအနေ၊ ယာဉ်မောင်းများ စိတ်ဓာတ်ရေးရာ ပြင်ဆင် ပြောင်းလဲရေး၊ မော်တော်ယာဉ် ဥပဒေ၊ နည်းဥပဒေ၊ ဘတ်စ်ကားများ လိုက်နာရမည့် အချက်များ၊ ယာဉ်တိုက်မှုဖြစ်စဉ် ဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက် ဆက်နွယ်နေသည့် ရာဇသတ်ကြီးပုဒ်မများ၊ YBS ယာဉ်လိုင်းများရှိ ယာဉ်လုပ်သားများ၏ လူ့စွမ်းအားအရင်းအမြစ်၊ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ (YRTC)မှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများ၊ အရေးယူဆောင်ရွက်မှုများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ ယာဉ်လမ်း အန္တရာယ်ဆိုင်ရာ သတိပေးလမ်းညွှန်များ၊ အမိန့်ပေးခြင်းလမ်းညွှန်များ၊ တားမြစ်ခြင်းနှင့် ကန့်သတ်ခြင်း လမ်းညွှန်များ၊ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်နိုင်သည့် ဥပဒေများအား အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဟောပြောခဲ့ပြီး ယာဉ်အန္တရာယ် ကင်းဝေးစေရေး အသိပညာပေး လက်ကမ်း စာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

ယနေ့ ကမ္ဘာပေါ်တွင် ယာဉ်တိုက်မှုကြောင့် တစ်နှစ်လျှင်လူဦးရေ (၁.၃၅)သန်းကျော် သေဆုံးနေရပြီး တစ်ရက်လျှင် သေဆုံးနှုန်းပျမ်းမျှ (၃၇၀၀)ဦးခန့်ရှိရာ မြန်မာနိုင်ငံတွင် ၂၀၂၁-ခုနှစ်က ယာဉ်တိုက်မှု (၆၄၂၀)မှုဖြစ်ပွားခဲ့ပြီး (၈၃၁၁)ဦး ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူ (၃၁၅၈)ဦးအထိရှိပြီး ရန်ကုန်မြို့တွင်လည်း ၂၀၂၁-ခုနှစ်က ယာဉ်တိုက်မှု (၉၁၅)မှု ဖြစ်ပွားခဲ့ပြီး (၉၁၅)ဦး ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူ (၄၅၀)ဦးအထိ ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ ( YRTC )မှ သိရသည်။

“ဒီဆွေးနွေးပွဲကနေ ကိုယ်မသိသေးတဲ့ ယာဉ်လမ်းအန္တရာယ်နှင့် ပတ်သက်ပြီး အတွေ့အကြုံတွေ၊ ဗဟုသုတတွေ များစွာရရှိပါတယ်။ ကိုယ်သိထားတဲ့ အကြောင်းအရာတွေအပေါ်မှာလည်း ဆွေးနွေးရင်းကနေ အသေးစိတ် ထပ်မံသိရှိခွင့်ရတဲ့အတွက် များစွာအကျိုးရှိတဲ့ ဆွေးနွေးပွဲတစ်ခုလို့ ပြောချင်ပါတယ်။ နောက်တစ်ခုက ယာဉ်စည်းကမ်း ၊လမ်းစည်းကမ်းလို့ ပြောတဲ့နေရာမှာ ကျွန်တော်တို့ ယာဉ်မောင်းတဲ့သူတွေက ယာဉ်စည်းကမ်းကို တိတိကျကျ လိုက်နာရုံနဲ့ မရပါဘူး။ လမ်းအသုံးပြုသူတွေ အားလုံးကလည်း လမ်းစည်းကမ်းကို တိတိကျကျ လိုက်နာမှသာ ယာဉ်လမ်းအန္တရာယ် ကင်းရှင်းတဲ့ သယ်ယူပို့ဆောင်ရေးစနစ်တစ်ခု ဖြစ်လာနိုင်မှာပါ ” ဟု YBS ယာဉ်မောင်းတစ်ဦးက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)အနေဖြင့် ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူတွေကို ဘေးကင်းလုံခြုံပြီး စိတ်ကျေနပ်မှု အပြည့်အဝပေးနိုင်တဲ့ မြို့တွင်း ဘတ်စ်ကားဝန်ဆောင်မှုတစ်ခုဖြစ်လာစေရေးအတွက် YBS ယာဉ်လိုင်းများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့များဖြင့် စစ်ဆေးအရေးယူခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ ( YRTC )မှ သတင်းရရှိပါသည်။

နိုင်လင်းအောင်(တာမွေ)