ဥတ္တရသီရိမြို့နယ်၌ ဒုတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ

ဥတ္တရသီရိ နိုဝင်ဘာ ၂

နေပြည်တော်ကောင်စီက ကြီးမှူးကျင်းပသည့် ဥတ္တရသီရိမြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် အသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီတွင် ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စု၊ ငန်းစပ်ကျေးရွာ ရွှေဟင်္သာကျောင်းတိုက်၌ ကျင်းပရာ  ဥတ္တရသီရိမြို့နယ် သံဃာ့နာယက အဖွဲ့ဥက္ကဋ္ဌ ဆရာတော် မဏိဇောတိက ကျွဲရှင်းကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တပဒုမ အရှင်သူမြတ် အမှူးပြုသည့်  ဆရာတော် သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူကြသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ ဥတ္တရခရိုင် ခေတ္တအုပ်ချုပ်ရေးမှူး ဒုတိယဗိုလ်မှူးကြီး သန်းဇော်ထူးဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဧည့်ပရိတ်သတ်များ တက်ရောက်ကြသည်။

 ထို့နောက်တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက ဥတ္တရသီရိမြို့နယ်၊ သံဃာ့နာယက အဖွဲ့ဥက္ကဋ္ဌ ဆရာတော်မဏိဇောတိက ကျွဲရှင်းကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တပဒုမ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး အခမ်းအနားမှူးက ပဋ္ဌာန်းရောင်ခြည် တော်ဖွင့် ဂါထာကို ရွတ်ဖတ်ပူဇော်သည်။

ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး  ဆရာတော်သံဃာတော်များထံ ပဋ္ဌာန်းကျမ်းစာအုပ်၊ ပဋ္ဌာန်းပရိတ်ပန်းအိုးနှင့် ပရိတ်ရေများ ဆပ်ကပ်ပူဇော်ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ဖတ်တော်မူသည့် ငါးရံ့မင်း ပရိတ်တရားတော်ကို နာယူကြသည်။

ဆက်လက်၍ ဆရာတော်သံဃာတော်များ ဦးဆောင်၍ ပရိတ်သတ်အားလုံးက ပဋ္ဌာန်းပစ္စယုဒ္ဒေသ ပါဠိတော်ကို  သုံးကြိမ်ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး  ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းကာ ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက် ကပ်လှူဒါန်းခဲ့ကြသည်။

ဥတ္တရသီရိမြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို နိုဝင်ဘာလ (၂၃) ရက်နေ့မှ (၂) ရက်နေ့အထိ (၅)ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ကျော်စွာဟိန်း(ပြန်/ဆက်)