ပေါင်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်း‌ ဆွေးနွေးပွဲ ကျင်းပ

ပေါင် နိုဝင်ဘာ ၂၄

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်က အဖွင့် အမှာစကားပြောကြားပြီး သထုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ Case Manager ဒေါ်ဖြူစင်ဖွေးက ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဆောင်ရွက်နေမှုများနှင့် လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ကလေးသူငယ်ဖြစ်ရပ် စီမံခန့်ခွဲမှုများနှင့် ပတ်သတ်၍ ဆောင်ရွက်ချက်များ၊ အားသာချက်၊ အားနည်းချက် များကို Power Point ဖြင့် အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးသည်။

ဆက်လက်၍ သထုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မိုးမိုးက ကလေးသူငယ် အခွင့်အရေးဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်သည်တို့ကို ထပ်မံဖြည့်စွက်ရှင်းလင်းပြီး တက်ရောက်လာသည့် ကော်မတီဝင်တို့က ကဏ္ဍအလိုက် ဆောင်ရွက်‌နေမှု အခြေအနေများ၊ လိုအပ်ချက်များ၊ ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများတို့ကို အပြန်အလှန် ဆွေးနွေး ခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(မြို့နယ်၊ ပြန်/ဆက်)