အသက်မွေးဝမ်းကျောင်းအထောက်အကူပြု မှိုစိုက်ပျိုးနည်းသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ပုဗ္ဗသီရိ နိုဝင်ဘာ ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ကျေးရွာအုပ်စု၊ အောင်ပန်းကျေးရွာ၌ ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု မှိုစိုက်ပျိုးနည်းသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးသန်းဦး၊ ဇေယျာသီရိခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးလွင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးသန်းဦးက သင်တန်းဆင်းအမှာစကားပြောကြားရာ၌ “မိမိတို့ဌာနအနေဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်စေရန်၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် မိသားစုဘဝဝင်ငွေတိုးတက်စေရေးအတွက် အသက်မွေးဝမ်းကျောင်းပညာသင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ ယခုအခါ ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်နိုင်စေရန်နှင့် ဝင်ငွေတိုးပွားစေရန်၊ ကုန်ကျစရိတ်သက်သာပြီး သန့်ရှင်းလတ်ဆတ်သောအစားအသောက်များ စားသုံးစေနိုင်ရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မှိုစိုက်ပျိူးနည်းသင်တန်း ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ လက်တွေ့မှာလည်း အမှန်တစ်ကယ်အသုံးချစေချင်ကြောင်း၊ ကုန်ကျစရိတ်နည်းပါးပြီး ကိုယ်တိုင်စိုက်ပျိုးစားသောက်ခြင်းဖြင့် ဓာတုဆေးဝါးများအန္တရာယ်မှလည်း ရှောင်ရှားနိုင်ပါကြောင်း” ပြောကြားခဲ့သည်။ ထို့နောက် ဇေယျာသီရိခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးလွင်က သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကြောင်း သိရသည်။

ကောက်ရိုးမှိုစိုက်ပျိုးပါက စိုက်ဘောင်တစ်ဘောင်လျှင် ကျပ်ငွေတစ်သောင်းခွဲခန့် ခန့်မှန်းကုန်ကျနိုင်ပြီး စိုက်ပျိုးပြီး ၁၅ ရက်ကြာလျှင် နှုတ်ယူစားသုံးနိုင်ပြီဖြစ်ကြောင်းနှင့် စိုက်ဘောင်တစ်ဘောင်လျှင် ၅ ပိဿာမှ ၇ ပိဿာ ကြားရရှိနိုင်ကြောင်း သိရသည်။

သားငယ်