တာချီလိတ်မြို့၌ အမျိုးသမီးများအားအကြမ်းဖက်ခြင်းနှင့် သက်ငယ်မုဒိမ်း အသိပညာပေးဟောပြောပွဲကျင်းပ

တာချီလိတ်  နိုဝင်ဘာ ၂၄

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၌ အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာသင်တန်းသူများအား အမျိုးသမီးများအား အကြမ်းဖက်ခြင်းနှင့် သက်ငယ်မုဒိမ်းအကြောင်း အသိပညာဟောပြောခြင်းကို ယနေ့နံနက် ၁၀နာရီက အဆိုပါသင်တန်းကျောင်းခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဟောပြောပွဲတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လှိုင်လှိုင်မြင့်က ယဉ်ကျေးမှုဆိုင်ရာအကြောင်းကိုလည်းကောင်း၊ ခရိုင်လူမှု ဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီရီခိုင်က အမျိုးသမီးများအကြမ်းဖက်မှုနှင့် သက်ငယ်မှုဒိမ်းအကြောင်းကိုလည်းကောင်း၊ ကျန်းမာရေးဌာနမှ ဒေါ်နန်းယိမ်းဟွမ်းက သားအိမ်ခေါင်းကင်ဆာနှင့် ဒေါ်နန်းဖူးက ရင်သားကင်ဆာအကြောင်းတို့ကို အသီး သီးအသိပညာပေးဟောပြောပြီး သင်တန်းသူများကသိရှိလိုသည့် မေးမြန်းချက်များကို တာဝန်ရှိသူတို့က ပြန်လည်ဖြေကြားပေးကာ ကျန်းမာရေးအသိ ပညာပေး လက်ကမ်းများဖြန့်ဝေပေး ခဲ့သည်။

အဆိုပါဟောပြောပွဲကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျန်းမာရေးဌာနနှင့် အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်းတို့ ပူးပေါင်းကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)